အေဂျက်ကို ၂ ဂိုးပြတ်ဖြင့်နိုင်ပြီး မန်ယူ ယူရိုပါလိဂ်ဖလား ဆွတ်ခူး

May 25, 2017

အေဂျက်ကို ၂ ဂိုးပြတ်ဖြင့်နိုင်ပြီး မန်ယူ ယူရိုပါလိဂ်ဖလား ဆွတ်ခူး (ရုပ်သံဟိုက်လိုက်)

ဆွီဒင်နိုင်ငံ စတော့ဟုမ်းမှာ မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ မန်ယူက အေဂျက်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ယူရိုပါလိဂ်ဆုဖလားဟာ မန်ယူအတွက် ဒီနှစ်ထဲမှာ ဒုတိယမြောက်ရတဲ့ ဆုဖလားလည်း ဖြစ်ပါတယ်။ နည်းပြ မော်ရင်ဟိုဟာ ဒတ်ခ်ျအသင်းတွေနဲ့ ၇ ပွဲ ဆုံဖူးရာမှာ ပွဲတိုင်းအနိုင်ရတဲ့စံချိန်ကိုလည်း ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ ဒီပွဲမစခင် မန်ချက်စတာမြို့မှာ အသေခံဗုံးကွဲမှုကြောင့် လူ ၂၂ ဦး သေဆုံးခဲ့မှုအတွက် တမိနစ် ငြိမ်သက်ဂုဏ်ပြုခဲ့ပါတယ်။ မန်ယူက အဓိက ကစားသမား အများစုနဲ့ လူစုံထုတ် ကစားသွားပြီး အေဂျက်ကတော့ လူငယ်အများစုနဲ့ ပွဲထွက်လာတာပါ။ မန်ယူအတွက် ဦးဆောင်ဂိုးကို ဖယ်လိုင်နီရဲ့ ပေးပို့မှုကနေ ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာက ၁၈ မိနစ်မှာ သွင်းယူပါတယ်။ အေဂျက်က ဘောလုံးပိုင်ဆိုင်မှု အသာရပေမယ့် ထိုးဖောက်ကန်သွင်းခွင့်မှာတော့ မန်ယူက ပိုရခဲ့ပါတယ်။ မန်ယူအတွက် ဒုတိယဂိုးကိုတော့ ကွင်းလယ်လူ မစ်ခီတာရန်းက ထပ်ဆင့်သွင်းယူပါတယ်။ ဒီပွဲမှာ မန်ယူကွင်းလယ်ကစားသမား ပေါ့ဂ်ဘာ ခြေစွမ်းပြနိုင်လို့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ မန်ယူအသင်းဟာ ယူရိုပါလိဂ် ချန်ပီယံဆုကို ဆွတ်ခူးနိုင်တဲ့အတွက် လာမယ့်နှစ် ဘောလုံးရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ကို အုပ်စုအဆင့်ကနေ စတင်ယှဉ်ပြိုင်ခွင့် ရရှိသွားပါတယ်။
4 years Ago
Up