ဟော်ကီ

November 23, 2017

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် အာရှဖိတ်ခေါ်ဟော်ကီပြိုင်ပွဲ ကျင်းပမည်

မြန်မာနိုင်ငံက ပထမဆုံးအကြိမ် လက်ခံကျင်းပမယ့် အာရှဖိတ်ခေါ် ဟော်ကီပြိုင်ပွဲကို လာမယ့် နိုဝင်ဘာ၂၅ ရက်က စတင်ပြီး သိမ်ဖြူဟော်ကီကွင်းမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ မြန်မာဟော်ကီအသင်းနဲ့အတူ ဟောင်ကောင်၊ တရုတ်တိုင်ပေနဲ့ ဘရူနိုင်းအသင်းတို့ ပါဝင်ယှဉ်ပြိုင်ကြမှာပါ။ အုပ်စုပတ်လည် ကစားအပြီး အမှတ်အများဆုံးအသင်းက ထိုင်းနိုင်ငံမှာ ကျင်းပမယ့် အာရှဟော်ကီပြိုင်ပွဲ ဝင်ရောက်ကစားခွင့်ရမယ်လို့ သိရပါတယ်။ ဟော်ကီအားကစားနည်းဟာ မြန်မာနိုင်ငံမှာ လူသိနည်းတဲ့ အားကစားဖြစ်ပေမယ့် ပြီးခဲ့တဲ့ မလေးရှားဆီးဂိမ်းမှာ မြန်မာနိုင်ငံက ဒုတိယ ငွေတံဆိပ် ရယူနိုင်ခဲ့တဲ့အထိ အောင်မြင်မှု ရယူနိုင်ခဲ့ပါတယ်။ အာရှဖိတ်ခေါ် ဟော်ကီပြိုင်ပွဲမှာလည်း မြန်မာနိုင်ငံက အုပ်စုပထမရယူပြီး အာရှဟော်ကီ ပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရဖို့ မျှော်မှန်းထားပါတယ်။ အခုပြိုင်ပွဲရဲ့ အုပ်စုအဖွင့်ပွဲမှာ မြန်မာအသင်းက တရုတ်တိုင်ပေနဲ့ နိုဝင်ဘာ ၂၅ ရက်မှာ စတင်ယှဉ်ပြိုင်ရမှာဖြစ်ပြီး နိုဝင်ဘာ ၂၆ ရက်မှာ ဘရူနိုင်း၊ နိုဝင်ဘာ ၂၇ ရက်နေ့မှာ ဟောင်ကောင်အသင်းတွေနဲ့ ဆက်ပြီး ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
5 years Ago

August 28, 2017

ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာဟော်ကီအသင်း ပထမဆုံးအကြိမ် ဗိုလ်လုပွဲတက်

မလေးရှားနိုင်ငံမှာ ကျင်းပနေတဲ့ ၂၉ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲရဲ့ ဟော်ကီပွဲစဉ်မှာ မြန်မာအမျိုးသား ဟော်ကီအသင်းက သမိုင်းတလျှောက် ပထမဆုံးအကြိမ် ဗိုလ်လုပွဲ တက်သွားပါတယ်။ ဟော်ကီပွဲမှာ မြန်မာအသင်းက ထိုင်း၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ မလေးရှားအသင်းတွေနဲ့ အုပ်စုပတ်လည် ယှဉ်ပြိုင်ကစားခဲ့တာပါ။ မြန်မာဟော်ကီအသင်းဟာ ထိုင်းကို ၄ ဂိုး ၂ ဂိုး၊ အင်ဒိုနီးရှားကို ၂ ဂိုး ဂိုးမရှိ ရလဒ်တွေနဲ့ အနိုင်ရခဲ့ပြီး စင်ကာပူနဲ့ ၂ ဂိုးစီ သရေကျခဲ့ပါတယ်။ အုပ်စုနောက်ဆုံးပွဲမှာ မလေးရှားအသင်းကို ၆ ဂိုး ဂိုးမရှိနဲ့ ရှုံးခဲ့ပေမယ့် အုပ်စုဒုတိယရခဲ့လို့ သြဂုတ် ၂၉ ရက် ဗိုလ်လုပွဲမှာ မလေးရှားအသင်းနဲ့ ပြန်လည်ယှဉ်ပြိုင်ရမှာပါ။ မြန်မာအမျိုးသမီး ဟော်ကီအသင်းကတော့ အုပ်စုပွဲစဉ် ၄ ပွဲစလုံး ရှုံးခဲ့တာကြောင့် ဆုတံဆိပ်ရယူနိုင်ခြင်း မရှိခဲ့ပါဘူး။ အမျိုးသားဟော်ကီဗိုလ်လုပွဲမှာ မြန်မာအသင်း ယှဉ်ပြိုင်ရမယ့် မလေးရှားအသင်းဟာ ကမ္ဘာ့အဆင့် ၁၂ ရှိပြီး ကမ္ဘာ့ဖလားပြိုင်ပွဲတွေ ကစားနေတဲ့အသင်း ဖြစ်တာကြောင့် ကမ္ဘာ့အဆင့် ၈၅ ရှိ မြန်မာအသင်းအနေနဲ့ ရွှေတံဆိပ်ရဖို့ ရုန်းကန်ရမှာဖြစ်ပြီး ငွေတံဆိပ်ရယူဖို့ပဲ များနေတယ်လို့ မြန်မာဟော်ကီအသင်း နည်းပြနဲ့ တာဝန်ရှိသူတွေက မျှော်မှန်းထားပါတယ်။
6 years Ago
Up