ဟောလ၀င်းပါတီဆင်နွှဲမည့် သက်တမ်း ၁၃၀ နှစ်ရှိ လိပ်ဖွားဖွား

October 30, 2015

ဟောလ၀င်းပါတီဆင်နွှဲမည့် သက်တမ်း ၁၃၀ နှစ်ရှိ လိပ်ဖွားဖွား (ရုပ်သံ)

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဒီယာဂိုမြို့ တိရစ္ဆာန်ဥယျာဉ်ထဲက အသက် ၁၃၀ သက်တမ်းရှိ လိပ်ဖွားဖွား အပါအ၀င် လိပ် ၁၃ ကောင်အုပ်စုဟာ လာမယ့် ဟောလ၀င်းရာသီမှာ ပါဝင်ဆင်နွှဲသွားမှာ ဖြစ်ပါတယ်။ ဟောလ၀င်းရာသီအကြို အထိမ်းအမှတ်အဖြစ် အောက်တိုဘာ ၂၈ ရက်နေ့မှာ သူတို့ကို ခွဲစိတ်ပုံဖော်ထားတဲ့ ရွှေဖရုံသီးတွေ ကျွေးခဲ့ကြပြီး သူတို့ဟာ ဆန်ဒီယာဂို တိရစ္ဆာန်ဥယျာဉ်ရဲ့ သက်ကြီးနေထိုင်သူတွေ ဖြစ်ကြပါတယ်။ “သူတို့ထဲက နည်းနည်းသေးတဲ့တကောင်က အဖွားပေါ့။ သူက အသက် ၁၃၀ နဲ့ ၁၄၀ ကြား ရှိနိုင်တယ်။ သူဟာ ဒီအုပ်စုထဲကို ရောက်လာချိန်မှာ တခြားအကောင်တွေထက် နည်းနည်းပိုကြီးပုံရပြီး ပိုလည်းမြန်တယ်” လို့ ဆန်ဒီယာဂို တိရစ္ဆာန်ဥယျာဉ် တွားသွားသတ္တ၀ါ ထိန်းသိမ်းသူ ဂျိုနသန်ကာလ်ဆင်က ပြောပါတယ်။ သူတို့ ၁၃ ကောင်အုပ်စုထဲက ၉ ကောင်ဟာ တိရစ္ဆာန်ဥယျာဉ်ထဲကို ၁၉၂၈ ခုနှစ်မှာ ရောက်ရှိခဲ့ပြီး အုပ်စုထဲက ၁၂ ကောင်ဟာ သက်တမ်း ၉၀ ကျော်တွေ ဖြစ်ကြပါတယ်။ ဂါလာပါဂိုးစ်လိပ်တွေဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး အမျိုးအစားတွေဖြစ်ပြီး လိပ်အဖိုတွေဟာ ပေါင် ၅၀၀ ကျော်ရှိကာ လိပ်အမတွေကတော့ ပေါင် ၂၅၀ ၀န်းကျင် ရှိကြပါတယ်။ အပြည်ပြည်ဆိုင်ရာ သဘာဝဂေဟ၀န်းကျင် ထိန်းသိမ်းရေးအဖွဲ့ (အိုင်ယူစီအန်) က ဂါလာပါဂိုးစ်လိပ်တွေဟာ ရှားပါးလိပ် အမျိုးအစားတွေဖြစ်ပြီး သူတို့ဟာ တခြားတိရစ္ဆာန်တွေဖြစ်တဲ့ ကြွက်၊ ခွေး၊ ကြောင်တွေလို လိပ်ပေါက်စလေးတွေနဲ့ လိပ်ဥတွေကို စားသောက်ကြတဲ့ တိရစ္ဆာန်တွေကြောင့် မျိုးတုံးပျောက်ကွယ်တော့မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေကြရတာပါ။
6 years Ago
Up