ဟောလီးဝုဒ်

July 13, 2015

ကွယ်လွန်သူ မင်းသားကြီး အိုမာရှရစ် ဈာပန ကိုင်ရိုတွင် ကျင်းပ

ဒေါက်တာဇီဗားဂိုး ဇာတ်ကားနဲ့ နာမည်ကြီးခဲ့တဲ့ အီဂျစ်ရုပ်ရှင်မင်းသားကြီး အိုမာရှရစ်ရဲ့ ဈာပနကို ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်နေ့က ပြုလုပ်ပါတယ်။ အသက် ၈၃ နှစ်အရွယ် မင်းသားကြီးဟာ ဇူလိုင် ၁၀ ရက်နေ့က နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။ သူဟာ ဟောလီးဝုဒ်မှာ ထင်ရှားကျော်ကြားတဲ့ ရှားရှားပါးပါး အာရပ်အမျိုးသားတယောက် ဖြစ်ပါတယ်။ ဈာပနအခမ်းအနားကို မင်းသားကြီးရဲ့ မိတ်ဆွေလည်းဖြစ်တဲ့ အီဂျစ် ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေး ၀န်ကြီးဟောင်း ဇာဟီ ဟာဝပ်လည်း တက်ရောက်ပါတယ်။ အီဂျစ်ပြည်သူတွေရဲ့ နှလုံးသားထဲမှာရော၊ တကမ္ဘာလုံးက ပရိသတ်တွေရဲ့ စိတ်ထဲမှာရော မင်းသားကြီးကို အမှတ်ရနေမှာ သေချာပါတယ်။ သူ့ရဲ့ ထူးခြားတဲ့ အိုက်တင်၊ ထူးခြားတဲ့အသံ၊ တခြားရုပ်ရှင်တွေနဲ့ မတူတဲ့ သူဖန်တီးခဲ့တဲ့ ရုပ်ရှင်တွေလိုမျိုး ဟောလီးဝုဒ်သမိုင်းမှာ ဘယ်တော့မှ ပြန်မပေါ်လာနိုင်တော့ဘူးလို့ ပြောပါတယ်။ ကျော်ကြားတဲ့ မင်းသား ဟူစိန် ဖာရ်မီးကလည်း ဈာပနကို တက်ရောက်ပြီး သူလည်း မင်းသားကြီးကို ချစ်ခင် လေးစားသူပါပဲလို့ ပြောပါတယ်။ သူဟာ ကိုယ့်အလုပ်ကို လေးစားသလို ကိုယ့်ပရိသတ်ကိုလည်း ချစ်တဲ့ လူတယောက်ဖြစ်တယ်၊ အီဂျစ် အနုပညာတွေကို အကောင်းဆုံး ချပြနိုင်ခဲ့သူ ဖြစ်တယ်လို့ ချီးမွမ်းစကား ဆိုပါတယ်။ မင်းသားကြီး အိုမာရှရစ်ဟာ နိုင်ငံတကာသိတဲ့ အီဂျစ်သရုပ်ဆောင်ဖြစ်ပြီး အာရေဗျရဲ့ လော်ရင့်ဇာတ်ကား (Lawrence of Arabia) မှာ အကောင်းဆုံး ဇာတ်ပို့မင်းသားအဖြစ် အော်စကာဆု လျာထားစာရင်းမှာ ပါဝင်ခဲ့ပါတယ်။ ဘော့ရစ် ပက်စတာနတ်ရဲ့ ၀တ္ထုကို အခြေခံ ရိုက်ကူးတဲ့ ဒေါက်တာ ဇီဗားဂိုး "Doctor Zhivago"ဇာတ်ကားကတော့ သူ့ရဲ့ အကျော်ကြားဆုံးရုပ်ရှင် ဖြစ်ပါတယ်။
6 years Ago
Up