ဟောလိဝုဒ်ရုပ်ရှင်

December 7, 2018

နာမည်ကြီး Crazy Rich Asians ရုပ်ရှင်မှ သရုပ်ဆောင်မင်းသမီး ရွှေကမ္ဘာလုံးဆု ဆန်ကာတင် စာရင်းဝင်

နာမည်ကြီး ဟောလိဝုဒ်ရုပ်ရှင်ကားတကားဖြစ်တဲ့ Crazy Rich Asians ရုပ်ရှင်ကားထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး ကွန်းစတန့်စ်ဝူဟာ အခုနှစ်ရဲ့ ရွှေကမ္ဘာလုံးဆု လျာထားတဲ့ စာရင်းမှာ ဆန်ကာတင်အဖြစ် ရွေးချယ်ခံထားရပါတယ်။ ခုလိုရွေးချယ်ခံရမှုဟာ အာရှ အမျိုးသမီးသရုပ်ဆောင်တယောက် အနေနဲ့ ဒီဆန်ကာတင်စာရင်းမှာ နှစ်ပေါင်း ၄၄ နှစ်အကြာမှ ပထမဆုံး စာရင်းဝင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဝူကတော့ ခုလိုရွေးချယ်ခံရတဲ့အပေါ် သူ့အနေနဲ့ မျှော်လင့်မထားခဲ့ဘဲ “လန့်သွားရုံတင်မကဘဲ ကျမ အံ့အားသင့် ပျော်ရွှင်ခဲ့ရတယ်” လို့ ပြောပါတယ်။ သူ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဒီ Crazy Rich Asians ရုပ်ရှင်ကားဟာလည်း အကောင်းဆုံး ဂီတဇာတ်မြူး အမျိုးအစား ရုပ်ရှင်ကားဆု ရရှိနိုင်ဖို့ ရွှေကမ္ဘာလုံးဆု ဆန်ကာတင်စာရင်း ဝင်နေခဲ့တာပါ။ နှစ်ပေါင်း ၂၅ နှစ်အတွင်းမှာ ထူးထူးခြားခြား အာရှသရုပ်ဆောင်တွေချည်း ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီရုပ်ရှင်ကားကို ပြီးခဲ့တဲ့ သြဂုတ်လက ရုံတင်ပြသခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၃၈ သန်းနီးပါး ရရှိခဲ့ကာ အောင်မြင်မှုရရှိခဲ့တဲ့ ဇာတ်ကားတကား ဖြစ်ခဲ့ပါတယ်။ ဒီကားရဲ့ ဒါရိုက်တာ ဂျွန်အမ်ချူကတော့ တွစ်တာ အင်တာနက်စာမျက်နှာပေါ်မှာ ခုလို ဆန်ကာတင် ၂ ဆု စာရင်းဝင်တဲ့အပေါ် “သူ့သက်တမ်းတလျှောက် ဂုဏ်အယူရဆုံး” လို့ ရေးသားထားခဲ့တာပါ။ ဝူအနေနဲ့ အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင် ရွှေကမ္ဘာလုံးဆုရရှိဖို့ တခြား သရုပ်ဆောင်မင်းသမီး ၄ ဦးနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ Crazy Rich Asians ရုပ်ရှင်ကားကတော့ အမေရိကန်မှာ ကြီးပြင်းတဲ့ အာရှသူ မိန်းကလေးတယောက်ဟာ စင်ကာပူနိုင်ငံက ကျိကျိတက်ချမ်းသာတဲ့ ချစ်သူကောင်လေးနဲ့ တွေ့ဆုံချိန်မှာ မတူညီတဲ့ နောက်ခံအခြေအနေချင်း၊ ယဉ်ကျေးမှုချင်း ထိပ်တိုက်တွေ့ကြရတဲ့ အကြောင်းတွေကို ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။
3 years Ago

December 2, 2018

ဟောလိဝုဒ်ရုပ်ရှင် "Hunter Killer" ၏ ဇာတ်ကွက်များကို ရုရှားသမ္မတ ဝေဖန် (ရုပ်သံ)

ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ဟောလိဝုဒ်ရုပ်ရှင် "Hunter Killer" ရဲ့ ဇာတ်ကွက်တွေဟာ လက်တွေ့မကျဘူးလို့ ဒီဇင်ဘာ ၁ ရက်နေ့က ဝေဖန်လိုက်ပါတယ်။ အာဂျင်တီးနားနိုင်ငံမှာ ကျင်းပနေတဲ့ G-20 ထိပ်သီးညီလာခံအတွင်း သတင်းစာ ရှင်းလင်းပွဲခန်းမကနေ ထွက်ခါနီး ရုရှားသတင်းထောက်ရဲ့ အမေးကို တုံ့ပြန် ပြောဆိုလိုက်တာပါ။ ရုရှား သမ္မတအား ကာကွယ်ရေးဝန်ကြီးက ဓားစာခံ ပြန်ဖမ်းထားတဲ့ ဇာတ်လမ်းကို  ဂျရတ်ဘတ်တလာနဲ့ ဂါရီအိုးမဲန်းတို့က ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကွက်နဲ့ ပတ်သက်ပြီး ခုလို တုံ့ပြန် ဖြေကြားတာလည်း ဖြစ်ပါတယ်။ “မဖြစ်နိုင်တဲ့ဇာတ်လမ်းပဲ။ တခုပဲ စဉ်းစားကြည့်လေ၊ အမေရိကန်က ယူကရိန်းကို လက်ဆောင်ပေးထားတဲ့ မော်တာစက်တပ် လှေလေး ၂ စီးဟာ ကာ့ခ်ျရေလက်ကြားကိုတောင် မဖြတ်လိုက်နိုင်ဘူး။ ပြီးတော့ သူတို့က နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောကို ကျေန်ာတို့ စစ်စခန်းဆီဝင်ပြီး ရပ်ချင်တယ်။ ဆိုးလိုက်တဲ့ ရုပ်ရှင်” လို့ ပူတင်က ပြောပါတယ်။ ရုပ်ရှင်ထဲမှာ ပြန်ပေးဆွဲခံ ခေါင်းဆောင်ကိုကယ်ဖို့ အမေရိကန် ရေငုပ်သင်္ဘောက အာတိတ်စက်ဝိုင်းအတွင်းက ရုရှားစစ်စခန်းထဲကို ဝင်လာပုံကို ရိုက်ကူးထားပါတယ်။ ဒီဇာတ်ကွက်က မဖြစ်နိုင်ဘူးလို့ ပူတင်က ပြောခဲ့ပတာပါ။ ရုပ်ရှင်ကို ရုရှားနိုင်ငံအတွင်း ရုပ်ရှင်ရုံတွေမှာ နိုဝင်ဘာ ၁ ရက်နေ့ကစပြီး ပြသဖို့စီစဉ်ထားပေမယ့် သမ္မတ ပူတင်ရဲ့ အားကောင်းတဲ့ပုံရိပ်ကို လှိုက်စားလိမ့်မယ်လို့ပြောရင်း ဆင်ဆာဖြတ်ခံရတယ်လို့ ရုရှားအစိုးရကို ဝေဖန်သူတွေက ပြောခဲ့ကြတာပါ။ နိုဝင်ဘာ ၈ ရက်နေ့မှာမှ ရုံတင်နိုင်ခဲ့ပါတယ်။ ရုရှားအစိုးရကတော့ ရုံတင်နောက်ကျတာ ဗျူရိုကရေစီ စနစ်ကြောင့်သာ ဖြစ်တယ်၊ ဆင်ဆာကြောင့် မဟုတ်ဘူးလို့ အပြစ်တင်ခဲ့ပါတယ်။
3 years Ago
Up