ဟောင်ကောင် ရထားတွဲထဲ အမျိုးသားတဦး လက်လုပ်ဓာတ်ဆီဗုံး ပစ်သွင်း (ရုပ်သံ)

February 11, 2017

ဟောင်ကောင် ရထားတွဲထဲ အမျိုးသားတဦး လက်လုပ်ဓာတ်ဆီဗုံး ပစ်သွင်း (ရုပ်သံ)

ဟောင်ကောင်ရဲ့ လူအစည်ကားဆုံး မြေအောက် ရထားတစီးထဲမှာ သောကြာနေ့ညနေ ရုံးဆင်းချိန် မီးလောင်ခဲ့လို့ လူ ၁၇ ဦး ဒဏ်ရာရခဲ့ပါတယ်။ အမျိုးသားတယောက်က ရထားတွဲထဲကို လက်လုပ် ဓာတ်ဆီဗုံးနဲ့  ပစ်သွင်းခဲ့တာဖြစ်ပြီး သူက ဗုံးမပစ်သွင်းခင် “မင်းတို့ကို သေတဲ့အထိ မီးရှို့သတ်မယ်” လို့လည်း အော်ခဲ့ပါတယ်။ ဒါပေမဲ့ မီးက သူ့ကို အရင်စွဲလောင်ခဲ့တာလို့ ချိုင်းနားမောနင်းပို့စ်တ် သတင်းမှာ ဖော်ပြထားပါတယ်။ လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ရုပ်သံထဲမှာ လူတစ်ဦး လဲနေပြီး ခန္ဓာကိုယ် မီးစွဲလောင်နေပါတယ်၊ လူတွေကလည်း မီးကို ရေနဲ့ငြိမ်းသတ်ဖို့ ကြိုးစားနေကြတာပါ။ သူ့ရည်ရွယ်ချက်က ဘာလဲဆိုတာ သေသေချာချာ မသိရသေးပါဘူး။ အခင်းဖြစ်ရာ နေရာကို အကြမ်းဖက်ဝါဒ တုံ့ပြန် တိုက်ဖျက်ရေး တပ်ဖွဲ့ဝင်တွေ တာဝန်ချထားတယ်လို့လည်း သိရပါတယ်။ မြေအောက် ရထားတွဲက ခရီးသည် ၂ ယောက်က သူတို့ မီးခိုးတွေ အများကြီးကို ရုတ်တရက် မြင်ခဲ့တာလို့ ပြောပါတယ်။ ရထားတွဲထဲမှာလည်း ခရီးသည်တွေ ရုတ်ရုတ်သဲသဲ ဖြစ်နေကြပါတယ် ဒဏ်ရာရ ၁၇ ဦးထဲမှာ ၂ ဦးရဲ့ အခြေအနေက စိုးရိမ်စရာဖြစ်နေတယ်လို့လည်း သိရပါတယ်။ ခရိုင်ရဲအရာရှိက မီးရှို့သူ အသက် ၆၀ နှစ်အရွယ် အမျိုးသားကို ဖမ်းဆီးထားတယ်လို့ ပြောပါတယ်။
4 years Ago
Up