ဟောင်ကောင်အမတ်

A d v e r t i s e m e n t With Us

June 11, 2019

ရာဇဝတ်သား လွှဲပြောင်းပေးရေး ဥပဒေမူကြမ်း ဖျက်သိမ်းရန် ဟောင်ကောင်အမတ်များ တောင်းဆို

ဟောင်ကောင်မှာ လူထုဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့အပြီး ရာဇဝတ်သား လွှဲပြောင်းပေးရေး ဥပဒေမူကြမ်းကို ဖျက်သိမ်းဖို့ ဟောင်ကောင်အမတ်တွေက ပိုပြီး ပြတ်ပြတ်သားသား တောင်းဆိုနေကြပါတယ်။ ဟောင်ကောင်အမတ်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေဟာ ရာဇဝတ်သား လွှဲပြောင်းရေး ဥပဒေမူကြမ်းကို ရွှေ့ဆိုင်းဖို့ ဒါမှမဟုတ် ဖျက်သိမ်းဖို့ ဟောင်ကောင်အကြီးအကဲ ကယ်ရီလမ်းကို ဇွန်လ ၁၀ ရက်က ပြတ်ပြတ်သားသား ဆက်လက် တောင်းဆိုနေကြပါတယ်။ လက်ကိုင်ပိုစတာတွေကို ကိုင်ဆောင်ရင်း မကောင်းဆိုးရွား ဥပဒေကို ဖျက်သိမ်းပစ်၊ ကယ်ရီလမ်း ရာထူးကဆင်းပေး စတဲ့ ကြွေးကြော်သံတွေ ဟစ်ကြွေးခဲ့ကြပါတယ်။ လောလောဆယ် ဟောင်ကောင်ကို အသက်ရှူဖို့ နေရာပေးပါ၊ အားလုံး ပြန်စဉ်းစားကြရအောင်လို့ လွှတ်တော်အမတ် ကလော့ဒီယာမိုက ပြောပါတယ်။ ကယ်ရီလမ်းဟာ ဟောင်ကောင်ကို ချောက်ကမ်းပါးနှုတ်ခမ်းကနေ တွန်းချနေတဲ့အပြင် ဘယ်သူမှ ဒါကို မလိုချင်ဘူးလို့လည်း သူက ပြောပါတယ်။ မဲပေးတဲ့ နောက်ဆုံးနေ့ နောက်ဆုံးအချိန်ထိ အထွေထွေသပိတ် ဆင်နွှဲဖို့ လူမှုရေး လုပ်သားတွေ ထွက်လာစေချင်တယ်လို့ လေဘာပါတီအမတ် ဖာနန်ဒိုချန်က ပြောပါတယ်။ သံသယရှိသူတွေ တရားရင်ဆိုင်ဖို့ တရုတ်ပြည်မကြီးဆီ လွှဲပေးခွင့်ပြုမယ့် ဥပဒေမူကြမ်းကို အစိုးရက အဆိုပြုခဲ့လို့ သန်းနဲ့ချီတဲ့ ဟောင်ကောင်မြို့ခံတွေက ဇွန်လ ၉ ရက်မှာ ဆန့်ကျင် ဆန္ဒပြခဲ့တယ်လို့ စီစဉ်သူတွေက ပြောပါတယ်။ ရဲတွေကတော့ ချီတက်ပွဲ အရှိန်အမြင့်ဆုံးအချိန်မှာ လူ ၂ သိန်း ၄ သောင်းကျော် ပူးပေါင်းခဲ့တယ်လို့ ပြောခဲ့တာပါ။ ကယ်ရီလမ်းကတော့ ဒီဥပဒေမူကြမ်းကို တရုတ်ပြည်မကြီး လိုလားသူ အများစုက ထိန်းချုပ်ထားတဲ့ လွှတ်တော်မှာ စီစဉ်ထားတဲ့အတိုင်း ဗုဒ္ဓဟူးနေ့မှာ စကားရည်လုမယ်လို့ ပြောပါတယ်။ ထိုင်ဝမ်မှာ ရည်းစားကို သတ်ခဲ့တယ်လို့ သံသယရှိတဲ့ ဟောင်ကောင်လူငယ် အမျိုးသားကို တရားစီရင်ဖို့ တရုတ်ပြည်မကြီးကို လွှဲပေးဖို့လိုတယ်လို့ ကယ်ရီလမ်းနဲ့ သူ့အရာရှိတွေက ဆိုပါတယ်။ ထိုင်ဝမ်အရာရှိတွေကတော့ တကယ်လို့ ဥပဒေမူကြမ်း အတည်ပြုခဲ့ရင် လူ့အခွင့်အရေး စိုးရိမ်စရာတွေကြောင့် ဘယ်လိုလွှဲပေးမှုကိုမဆို သူတို့ သဘောမတူဘူးလို့ ပြောထားပါတယ်။
2 years Ago
Up