ဟောင်ကောင်လွှတ်တော်

June 10, 2019

ဟောင်ကောင်တွင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့၊ လွှတ်တော်ကို ရဲတပ်ဖွဲ့ ဝန်းရံ

ကမ္ဘာ့ဘဏ္ဍာရေး အချက်အချာ ဟောင်ကောင်ကျွန်းမှာ အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေက လွှတ်တော်ကို ဇွန်လ ၁၀ ရက်မှာ ဝန်းရံထားပါတယ်။ ရာဇဝတ်သားတွေကို တရုတ်ပြည်မကြီးမှာ တရားစီရင်ဖို့ လွှဲပေးရေး ဥပဒေမူကြမ်းကို ဆန့်ကျင်ပြီး လူသန်းချီ ဆန္ဒပြခဲ့လို့ ရဲတွေနဲ့ ဆန္ဒပြသူတွေကြား ထိပ်တိုက်တွေ့ခဲ့ကြတာပါ။ နံပါတ်တုတ်တွေ ဒိုင်းတွေ မျက်ရည်ယိုဓာတ်ငွေ့ပစ် သေနတ်တွေနဲ့ ငရုတ်ကောင်းရည် ဖျန်းတဲ့ဘူးတွေ ကိုင်ဆောင်ထားတဲ့ အဓိကရုဏ်း နှိမ်နင်းရေးရဲ ရာပေါင်းများစွာဟာ လွှတ်တော်ကောင်စီရုံးကို ပိတ်ဆို့ထားပါတယ်။ သန်းခေါင်ကျော်အချိန်မှာ ဆန္ဒပြသူ ရာပေါင်းများစွာကလည်း လွှတ်တော်ကို ဝန်းရံထားတယ်လို့ ရိုက်တာသတင်းဌာနရဲ့ မျက်မြင်သက်သေတွေက ပြောပါတယ်။ လွှတ်တော်နားက လမ်းတလမ်းကို ပိတ်ဆို့ထားတဲ့ ဆန္ဒပြသူတွေကို ရဲတွေက နံပါတ်တုတ်တွေ၊ ငရုတ်ကောင်းရည်တွေ၊ လူစုခွဲရာမှာသုံးတဲ့ ရေအမြောက်တွေ အသုံးပြု လူစုခွဲခဲ့ပါတယ်။ အဓိကရုဏ်းကြောင့် နှစ်ဖက်စလုံးက လူအများအပြား ဒဏ်ရာရလို့ လူနာတင်ယာဉ်တွေ ခေါ်ခဲ့ရသလို ထိပ်တိုက်တွေ့မှုတွေကြောင့် သံမဏိအရံအတားတွေလည်း ပျက်စီးကုန်ပါတယ်။ တရုတ်ပြည်မကြီးက လိုချင်နေတဲ့ သံသယရှိသူတွေကို တရားစီရင်ဖို့ နယ်စပ်ဖြတ်ကျော် ပေးပို့ခွင့်ပြုမယ့် ဥပဒေမူကြမ်းအသစ်ကို လွှတ်တော်မှာ အတည်ပြုနိုင်ရေး ဇွန်လ ၁၂ ရက်မှာ ဆွေးနွေးငြင်းခုန်ဖို့ စီစဉ်ထားတာပါ။ ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို တရုတ်ပြည်မကြီးဆီပို့ပြီး တရားစီရင်မှာကို ဟောင်ကောင်သားတွေ စိုးရိမ်နေကြပါတယ်။ ဒါကြောင့် တနင်္ဂနွေ အစောပိုင်းက သိန်းသန်းချီတဲ့လူတွေ ဟောင်ကောင်ရဲ့ လမ်းတွေပေါ် တက်လာကြပြီး ဥပဒေမူကြမ်းကို ဆန့်ကျင် ဆန္ဒပြကြတာပါ။ ဒါဟာ လတ်တလောနှစ်တွေအတွင်း ဟောင်ကောင်မှာ အကြီးဆုံး ဆန္ဒပြမှုလည်း ဖြစ်ပါတယ်။ ဗြိတိန်လက်အောက်ကနေ တရုတ်ပြည်မကြီးဆီ ပြန်လွှဲပေးခဲ့တဲ့ ဟောင်ကောင်ကို တနိုင်ငံ စနစ်နှစ်မျိုး မူဝါဒနဲ့ အုပ်ချုပ်ပါတယ်။ ဒါကြောင့် တရုတ်ပြည်မကြီးမှာ မရတဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီစနစ်ကို ဟောင်ကောင်မှာ ကျင့်သုံးပါတယ်။ ရာဇဝတ်သားလွှဲပေးရေး ဥပဒေမူကြမ်းဟာ ဟောင်ကောင်ရဲ့ လွတ်လပ်တဲ့ တရားစီရင်ရေးကို ဘေးဖြစ်စေမယ်လို့ ဟောင်ကောင်သား အများအပြားက ပြောနေကြပါတယ်။
2 years Ago

May 12, 2019

ဟောင်ကောင်လွှတ်တော်ထဲ အမတ်များ၏ ရန်ပွဲ (ရုပ်သံ)

ဟောင်ကောင်လွှတ်တော်မှာ မေလ ၁၁ ရက်က လွှတ်တော်အမတ်တွေ ခိုက်ရန်ဖြစ်ခဲ့ကြပါတယ်။ အာရှဘဏ္ဍာရေး အချက်အခြာ ဟောင်ကောင်မှာ တရုတ်ပြည်မကြီး အစိုးရရဲ့ သြဇာကို တိုးချဲ့မယ့် တရားခံပြန်ပို့ရေး ဥပဒေကို ဆွေးနွေးရင်း ပြည်မကြီးအစိုးရကို သစ္စာခံတဲ့ အမတ်တွေနဲ့ ဒီမိုကရေစီလိုလားတဲ့ အမတ်တွေ ခိုက်ရန်ဖြစ်ခဲ့ကြတာပါ။ ဟောင်ကောင်ဟာ နိုင်ငံခြားသားတွေ အပါအဝင် ရာဇဝတ်မှု ကျူးလွန်တယ်လို့ စွပ်စွဲခံရတဲ့ လူတွေကို တရားဝင် အကျဉ်းသားလွှဲပြောင်းရေး သဘောတူညီချက် မရှိဘဲ ဟောင်ကောင်ကနေ ပြစ်မှုကျူးလွန်ရာ နိုင်ငံတွေဆီ ပြန်ပို့ခွင့်ပြုမယ့် ဥပဒေကို ပြဋ္ဌာန်းဖို့ ကြိုးစားနေတာပါ။ ဥပဒေမူကြမ်း ကြားနာပွဲကို သီးခြားစီကျင်းပဖို့ တရုတ်လိုလားတဲ့ အမတ်တွေနဲ့ ဒီမိုကရေစီလိုလားတဲ့ အမတ်တွေ ကြိုးစားကြရာက စိတ်မထိန်းနိုင် ဖြစ်ခဲ့ကြပါတယ်။ အမတ်တွေက စားပွဲတွေပေါ် တက်ခဲ့ကြပြီး တယောက်ကို တယောက် ခုန်အုပ်ခဲ့လို့ လုံခြုံရေး အဖွဲ့ဝင်တွေက အခြေအနေကို ထိန်းသိမ်းခဲ့ရပါတယ်။ ဒီမိုကရေစီလိုလားတဲ့အမတ် ဂါရီဖှန်ကိုတော့ ဆေးရုံဆီ ထမ်းစင်နဲ့ ခေါ်ထုတ်သွားခဲ့ ရတာပါ။ ဒီဥပဒေမူကြမ်းဟာ တရုတ်ရဲ့ သြဇာလွှမ်းမှုကို စိုးရိမ်နေတဲ့ ဟောင်ကောင် ဒေသခံတွေအတွက် နောက်ဆုံးပေါ် လျှပ်စီးနှင်တံ ဖြစ်လာခဲ့တာပါ။ ဗြိတိန် ကိုလိုနီဟောင်း ဟောင်ကောင်ကို တရုတ်လက်အောက် ပြန်လွှဲပေးချိန်မှာ တနိုင်ငံကို စနစ်နှစ်မျိုးနဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပေးပြီး အုပ်ချုပ်ဖို့ ကတိပြုထားပါတယ်။ လွန်ခဲ့တဲ့ သီတင်းပတ် နှစ်ပတ်အကြာက ဥပဒေမူကြမ်းကို ဆန့်ကျင်တဲ့လူ အယောက် ၁ သိန်း ၃ သောင်းကျော်ဟာ ချီတက် ဆန္ဒပြခဲ့ပြီးပါပြီ။ မေလ ဆယ်ရက်မှာလည်း လူထောင်ပေါင်းများစွာဟာ ဥပဒေပြု လွှတ်တော်အပြင်မှာ စုဝေးခဲ့ကြပြီး ဥပဒေမူကြမ်းကို ဖျက်သိမ်းဖို့ တောင်းဆိုခဲ့ကြပါတယ်။
2 years Ago
Up