ဟောင်ကောင်တွင် လျူရှောင်ဘို အောက်မေ့ဖွယ်အခမ်းအနား ပြုလုပ်

December 26, 2017

ဟောင်ကောင်တွင် လျူရှောင်ဘို အောက်မေ့ဖွယ်အခမ်းအနား ပြုလုပ်

ကွယ်လွန်သွားခဲ့တဲ့ နိုဘယ်လ်ဆုရှင် လျူရှောင်ဘိုအတွက် အောက်မေ့ဖွယ် အခမ်းအနားကို  ဒီဇင်ဘာ ၂၅ ရက်နေ့က ဟောင်ကောင်မှာ ပြုလုပ်ခဲ့ပြီး နေအိမ်အကျယ်ချုပ် ချထားခံရတဲ့ လျူရှောင်ဘိုရဲ့ ဇနီးသည် လျူရှီယာကို လွှတ်ပေးဖို့ လူဒါဇင်နဲ့ချီ တောင်းဆိုခဲ့ကြပါတယ်။ နိုဘယ်လ်ဆုရှင် လျူရှောင်ဘိုဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့က အသည်းကင်ဆာ နောက်ဆုံးအဆင့်နဲ့ ကွယ်လွန်သွားခဲ့တာပါ။ ဟောင်ကောင်မဟာမိတ်အဖွဲ့ ဒု-ဥက္ကဋ္ဌနဲ့ ဆန္ဒပြပွဲစီစဉ်သူက “ဒီမိုကရေစီလှုပ်ရှားမှုဟာ အခြေအနေ မကောင်းပါဘူး။ ဒါပေမယ့် အခုလို ဇွဲကြီးကြီးနဲ့လုပ်နေဖို့ အရေးကြီးတယ်လို့ မြင်ပါတယ်။ ဒီခေတ်မှာ ကွန်မြူနစ်ပါတီက သိပ်အားကောင်းတယ်။ တဖက်ကလည်း သူတို့ဟာ ဘယ်လို အတိုက်အခံမျိုးကိုမဆို တအားကြောက်တယ်” လို့ ပြောပါတယ်။ ဆန္ဒပြသူတွေဟာ ဟောင်ကောင်ရှိ တရုတ်ဗဟိုအစိုးရ ပြည်သူ့ဆက်ဆံရေးရုံးကို သွားရောက်ကြပြီး လျူရှီယာကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ လျူရှီယာဟာ ပန်းချီနဲ့ ကဗျာဆရာမတဦးဖြစ်ပြီး လျူရှောင်ဘို နိုဘယ်လ်ဆုရခဲ့တဲ့ ၂၀၁၀ ခုနှစ်ကတည်းကစပြီး နေအိမ်အကျယ်ချုပ် ချထားခံရတာဖြစ်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
3 years Ago
Up