ဟောင်ကောင်တွင်

February 2, 2018

ဟောင်ကောင်တွင် ဆင်စွယ်ရောင်းချမှု တားမြစ်

ကမ္ဘာ့အကြီးဆုံး ဆင်စွယ်လက်လီဈေးကွက်ရှိတဲ့ ဟောင်ကောင်မှာ ဆင်စွယ်ရောင်းချမှု တားမြစ်တာကို ဇန်န၀ါရီ ၃၁ ရက်မှာ ဥပဒေပြုအမတ်တွေက ထောက်ခံလိုက်ပါတယ်။ ပြီးခဲ့တဲ့လတုန်းက တရုတ်ပြည်မကြီးမှာ ဆင်စွယ်ရောင်းချမှု တားမြစ်ပြီးနောက် ဟောင်ကောင်မှာ အခုလို တားမြစ်လိုက်တာဖြစ်ပြီး ဟောင်ကောင်ဟာ ဆင်စွယ်ရောင်းဝယ်တာကို နှစ်ပေါင်း ၁၅၀ ကျော် ပြုလုပ်ခဲ့တာပါ။ ဟောင်ကောင်မှာ ၀ယ်ယူတဲ့ ဆင်စွယ်ပစ္စည်းတွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ တရုတ်ပြည်မကြီးကနေ ဖြစ်ပါတယ်။ ဆင်စွယ်ရောင်းချမှု တားမြစ်လိုက်တာနဲ့ ပတ်သက်ပြီး WWF HONG KONG စိမ့်မြေထိန်းသိမ်းရေး ဒါရိုက်တာက  “ဒါဟာ ဟောင်ကောင်အစိုးရက  အာဖရိကန်ဆင်တွေ ထိန်းသိမ်းစောင့်ရှောက်ရေးကို မဆုတ်မနှစ်ပြုလုပ်သွားမယ်ဆိုတာ ပြသတာပါ။ နောက်တဆင့်က ဟောင်ကောင်ကို ဒါမှမဟုတ် ဟောင်ကောင်ကနေတဆင့် တရားမ၀င်ကုန်သွယ်မှု မရှိတော့အောင် တရားဥပဒေ စိုးမိုးရေးကို အရှိန်မြှင့်လုပ်ဆောင်ရမှာပါ”  လို့ ပြောပါတယ်။ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး ကမ်ပိန်းမန်နေဂျာက “ဒါဟာ ဆင်ထိန်းသိမ်းရေး သမိုင်းမှာ အရေးပါတဲ့ အချိန်အခါ ဖြစ်ပါတယ်။ ဟောင်ကောင်ဟာ တောရိုင်းတိရစ္ဆာန်ကုန်သွယ်မှု အထူးသဖြင့် ဆင်စွယ်ကုန်သွယ်မှု  ဗဟိုချက်မ ဖြစ်နေတာပါ”  လို့ ပြောပါတယ်။ နှစ်စဉ် နှစ်တိုင်း ဆင်ကောင်ရေ ၃၀၀၀၀ လောက်ဟာ တရားမ၀င် သတ်ဖြတ်ခံနေရတယ်လို့ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ WildAid က ခန့်မှန်းပြောကြားခဲ့ပါတယ်။ ဆင်စွယ်ရောင်းချမှု တားမြစ်ခြင်း ဥပဒေပြဋ္ဌာန်းပြီးတာနဲ့ ဟောင်ကောင်ကို ဒါမှမဟုတ် ဟောင်ကောင်ကနေ ဆင်စွယ်သွင်းကုန်နဲ့ ပြန်လည်တင်ပို့ကုန်တွေကို  တားမြစ်မှာ ဖြစ်ပါတယ်။
4 years Ago

February 1, 2018

ဟောင်ကောင်တွင် ဒုတိယကမ္ဘာစစ်အတွင်းကဗုံး စနက်တံဖြုတ် ဖယ်ရှား (ရုပ်သံ)

ဟောင်ကောင်မှာ ဖေဖော်ဝါရီ ၁ ရက်နေ့က ဒုတိယကမ္ဘာစစ်အတွင်းက လက်ကျန်ဗုံးတလုံးကို စနက်တံဖြုတ်ခဲ့တယ်လို့ သိရပါတယ်။ ဟောင်ကောင်ရဲ့ ဝန်ချိုင်း စီးပွားရေးအချက်အခြာဒေသ ပတ်ပတ်လည်မှာရှိတဲ့ ရုံးတွေ ဟိုတယ်တွေနဲ့ ဈေးဆိုင်တွေက လူထောင်ပေါင်းများစွာကို ဘေးကင်းရာ ရွှေ့ပြောင်း၊ လမ်းတွေပိတ်ပြီး စည်ကားတဲ့နယ်မြေကို ပိတ်ဆို့ကာ စနက်တံဖြုတ်ခဲ့တာပါ။ ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်တွေ ပစ်ချခဲ့တဲ့ ဗုံးတလုံးကို တပတ်အတွင်း ဒုတိယအကြိမ်မြောက် တွေ့ခဲ့တာဖြစ်ပြီး ဗုံးကို ဇန်နဝါရီ ၃၁ ရက်နေ့ မနက်ပိုင်းမှာ အလုပ်သမားတဦးက တွေ့ရှိပြီးနောက် ဒီဒေသကို ရဲတွေက ပိတ်ဆို့ခဲ့တာပါ။ တညလုံး ဗုံးဖယ်ရှားရေး ကျွမ်းကျင်သူတွေ အလုပ်လုပ်နေလို့ ဗစ်တိုးရီးယား ဆိပ်ကမ်းတလျှောက် သင်္ဘောဝန်ဆောင်မှုတွေကို ဆိုင်းငံ့ထားပြီး လူပေါင်း ၄၀၀၀ ကိုလည်း ဘေးကင်းရာ ရွှေ့ပြောင်းခဲ့ရပါတယ်။ “ဗုံးဖယ်ရှားရတဲ့ အလုပ်က အန္တရာယ်များတယ်၊ ခက်ခဲတယ်” လို့ ဗုံးဖယ်ရှားရေးအရာရှိ အလစ်က်မက်ဝါတာက သတင်းထောက်တွေကို ပြောပါတယ်။ မိုးရွာတာ၊ ရှုပ်ထွေးတဲ့ နေရာဖြစ်တာနဲ့ စနက်တံအစိတ်အပိုင်း ဖြစ်နေတာက အန္တရာယ်များစေတယ်လို့လည်း မစ္စတာမက်ဝါတာက ပြောပါတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ မြေကြီးတွေဖုံးနေတဲ့ ဗုံးကို ကရိန်းနဲ့သယ်မသွားခင် ကျွမ်းကျင်သူတွေက ဗုံးထဲက ပေါက်ကွဲတတ်တဲ့ ပစ္စည်းတွေ လောင်ကျွမ်းသွားပြီး ဗုံးကို ဖယ်ရှားလို့ရအောင် ဗုံးပတ်ပတ်လည် ကျင်းပေါက်ကြီးတခု တူးရပါတယ်။ ၁၉၄၁ ခုနှစ်က ဂျပန်နဲ့ ဗြိတိန် မဟာမိတ်တပ်တွေကြား အကြီးအကျယ် တိုက်ခိုက်ခဲ့ကြတဲ့ တရုတ်နိုင်ငံ တောင်ပိုင်းမြို့မှာ ဆောက်လုပ်ရေး လုပ်သားတွေနဲ့ တောင်တက်သမားတွေက မပေါက်ကွဲသေးတဲ့ စစ်အတွင်း ဗုံးတွေနဲ့ လက်ပစ်ဗုံးတွေ မကြာခဏ တွေ့ရှိကြတယ်လို့ ဆိုပါတယ်။ ၂၀၁၄ ခုနှစ်တုန်းကလည်း ၁ တန်နီးပါး အလေးချိန်ရှိတဲ့ အကြီးဆုံး ဗုံး ၁ လုံးကို ရဲတွေက စနက်တံဖြုတ်ခဲ့ရတယ်လို့ ဘန်ကောက်ပို့စ် သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
4 years Ago
Up