ဟောင်ကောင်တရားရေးဝန်ကြီး

February 13, 2018

ဟောင်ကောင် တရားရေးဝန်ကြီး ရာထူးက ဆင်းပေးရန် ဆန္ဒပြတောင်းဆို

ဟောင်ကောင်မှာ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေက တရားရေးဝန်ကြီး ထရီဆာချန်ကို ရာထူးကနေဆင်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဖေဖော်ဝါရီ ၁၁ ရက်က ဆန္ဒပြသူတွေဟာ တရားရေးဝန်ကြီးရုံးရှိရာကို သွားရောက်ချီတက် ဆန္ဒပြခဲ့ကြတာပါ။ ဟောင်ကောင်တရားရေးဝန်ကြီး ထရီဆာချန်ဟာ သူ့အိမ်မှာ အခွင့်မရှိတဲ့ အဆောက်အဦတွေ တွေ့ရှိမှု အရှုပ်တော်ပုံနဲ့ ရင်ဆိုင်နေရပေမယ့် ရာထူးကနေဆင်းပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ အဲဒီအတွက် သူ့ဂုဏ်သိက္ခာနဲ့ ပတ်သက်လို့ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။ “ထရီဆာချန် ဝန်ကြီးတာဝန်ထမ်းဆောင်ပြီး တလအကြာမှာ အဂ္ဂနီချောင်နဲ့ တခြား ဒီမိုကရေစီ ထောက်ခံသူတွေကို ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခဲ့တယ်။ တလအတွင်းမှာတင် သူ့မှာ နိုင်ငံရေးရည်မှန်းချက်ရှိတာ မြင်တွေ့နိုင်ပါတယ်။ သူ့ရဲ့ ကိုယ်ရေးကိုယ်တာ ပြဿနာရော ဒီလိုပိတ်ပင်တဲ့ ဆုံးဖြတ်ချက်မျိုးက သိပ်အန္တရာယ်ကြီးပါတယ်။ ထရီဆာချန်အနေနဲ့ တရားရေးဝန်ကြီးတာဝန် ဆက်ထမ်းဆောင်ဖို့ မသင့်တော်ဘူးလို့ မြင်ပါတယ်” လို့ ဆန္ဒပြသူတဦးက ပြောပါတယ်။ “ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ဟောင်ကောင်နိုင်ငံရေးနဲ့ တရားဥပဒေစိုးမိုးရေးဟာ ကျနော်နဲ့ အသားမကျ ဖြစ်လာတယ်။ ဥပဒေကို နှိပ်ကွပ်ရေးလက်နက်လို အသုံးပြုနေကြတယ်” လို့ တခြား ဆန္ဒပြသူတဦးကလည်း ပြောခဲ့ပါတယ်။ ထရီဆာချန်ဟာ ဥပဒေကို သိသိကြီးနဲ့ ချိုးဖောက်ခဲ့ပြီး ဟောင်ကောင် တရားဥပဒေ စိုးမိုးရေးမှာ အများပြည်သူ ယုံကြည်မှုကို ထိခိုက်ပျက်ပြားစေတယ်လို့ ဝေဖန်သူတွေက ပြောကြားခဲ့ပါတယ်။
3 years Ago
Up