သွေးရောင်လွှမ်းသည့် လအပြည့်ကြတ်မှု ရှားပါးဖြစ်စဉ် ယနေ့ မြင်တွေ့ရမည်

January 31, 2018

သွေးရောင်လွှမ်းသည့် လအပြည့်ကြတ်မှု ရှားပါးဖြစ်စဉ် ယနေ့ မြင်တွေ့ရမည်

သွေးရောင်လွှမ်းတဲ့ လအပြည့်ကြတ်မှုဖြစ်စဉ်ကို ဒီကနေ့ ဇန်နဝါရီ ၃၁ ရက်နေ့မှာ ကမ္ဘာတလွှား နေရာတော်တော်များများက တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကို စကြာဝဠာဆိုင်ရာ ရှားပါးဖြစ်စဉ်တခုအဖြစ် သွေးရောင်လွှမ်းသည့် ရှားပါးလအပြည့်ကြတ်မှုဖြစ်စဉ် “Super Blood Blue Moon” လို့ အမည်ပေးထားကြကာ ပုံမှန်မဟုတ်တဲ့ ထူးခြားဖြစ်စဉ်တခုဖြစ်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ Sky and Telescope မဂ္ဂဇင်းမှ အကြီးတန်းအယ်ဒီတာတဦးဖြစ်တဲ့ ကယ်လီဘီတီက “ဒီဖြစ်စဉ်ဟာ နက္ခတ္တဗေဒဆိုင်ရာ ဖြစ်စဉ်သုံးမျိုးပေါင်းထားတဲ့ ဖြစ်ရပ်တခုဖြစ်တယ်” လို့ ပြောပါတယ်။ အခုတွေ့မြင်ကြရမယ့် အခြေအနေမှာတော့ လနဲ့ဆိုင်တဲ့ ဖြစ်စဉ်သုံးခုဖြစ်တဲ့ အလွန့်အလွန်ကြီးမားတဲ့ စူပါမွန်း၊ ဘလူးမွန်းနဲ့ လအပြည့်ကြတ်တာတွေကို တပေါင်းတည်း မြင်တွေ့ရမှာဖြစ်လို့ ကမ္ဘာတလွှားက စိတ်ဝင်တစား စောင့်ကြည့်နေကြတာပါ။ လဟာ သူ့ရဲ့ ပုံမှန်လည်ပတ်နေကျ ပတ်လမ်းကြောင်းအတိုင်း လည်ပတ်နေရာကနေ ကမ္ဘာနဲ့အနီးဆုံး ဖြစ်သွားတဲ့အချိန်မှာ စူပါမွန်းဖြစ်စဉ် ဖြစ်ပေါ်လာတာပါ။ အဲဒီအချိန်မှာ လဟာ ပုံမှန်ထက် ၁၄ ရာခိုင်နှုန်း ပိုကြီးပြီး ၃၀ ရာခိုင်နှုန်း ပိုတောက်ပနေတာ ဖြစ်ပါတယ်။ ဘလူးမွန်းဆိုတာကတော့ အပြာရောင်လကို ရည်ညွှန်းတာမဟုတ်ဘဲ လတလမှာ ဒုတိယမြောက် လပြည့်တာကို ရည်ညွှန်းတာဖြစ်ပြီး ပုံမှန်အားဖြင့် ဘလူးမွန်းဖြစ်စဉ်ဟာ နှစ်နှစ်နဲ့ ရှစ်လမှာ တခါဖြစ်လေ့ရှိတာမျိုးပါ။ လအပြည့်ကြတ်တဲ့ ဖြစ်စဉ်မှာတော့ လဟာ ကမ္ဘာရဲ့အရိပ်အောက်ကို လုံးလုံးလျားလျား ထိုးကျသွားချိန် အလင်းရောင်ရှိတဲ့ဘက်အပိုင်းက အဖြူရောင်ကနေ တဖြည်းဖြည်း လိမ္မော်ရောင်ဖြစ်လာပြီး အနီရောင်သန်းတဲ့ဘက်ကို တဖြည်းဖြည်းပြောင်းသွားတဲ့ “Super Blood Blue Moon” လို့ခေါ်တဲ့  ဖြစ်စဉ်ထိ ရောက်ရှိသွားမယ့် အခြေအနေကို ဒီကနေ့မှာ တွေ့မြင်ကြရပါလိမ့်မယ်။ ခုလိုထူးခြားတဲ့ဖြစ်စဉ်ကို ၁၉၈၂ ခုနှစ်မှာ ကြုံတွေ့ခဲ့ရဖူးပြီး ဒါဟာ ၃၇ နှစ်အကြာမှ ကမ္ဘာက ထပ်မံမြင်တွေ့ရတာဖြစ်ကာ နောက်တကြိမ်ကတော့ လာမယ့် ၂၀၃၇ ခုနှစ်မှာ ပြန်လည်တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ နေ၊ လနဲ့ ကမ္ဘာတို့ တတန်းတည်းကျမှုဟာ ၁ နာရီ ၁၆ မိနစ်လောက် ကြာမြင့်မှာဖြစ်ပြီး အမေရိကန်နိုင်ငံ အနောက်ပိုင်းနဲ့ ကနေဒါနိုင်ငံတွေကနေ နေမထွက်ခင် တွေ့မြင်ကြရမှာဖြစ်ပြီး အရှေ့အလယ်ပိုင်းဒေသ၊ အာရှ၊ ရုရှားအရှေ့ပိုင်း၊ သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတွေကတော့ လထွက်လာတဲ့အချိန်မှာ တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်မှာ ထူးခြားတာကတော့ နေကြတ်တာနဲ့မတူဘဲ လကြတ်တာကို မျက်လုံးအကာအကွယ်တွေ မတပ်ဘဲ ဘေးကင်းစွာ ကြည့်ရှုနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ “ခင်ဗျားတို့မြင်နေရတဲ့ အနီရောင်က ကမ္ဘာ့လေထုကို အပေါ်ယံဖြတ်ပြေးသွားတဲ့ နေရောင်ခြည်က အာကာသထဲကတဆင့် ဖြတ်ပြီး လဆီကို ရောက်သွားတာဖြစ်တယ်” လို့  Sky and Telescope မဂ္ဂဇင်းမှ အယ်လန်မက်ရောဘတ်က ပြောပါတယ်။
3 years Ago
Up