သွေးထွက်လွန်မှုကို ထိန်းချုပ်နိုင်ပြီး လူ့အသက်ကယ်တင်နိုင်မည့် ပတ်တီး

A d v e r t i s e m e n t With Us

February 16, 2016

သွေးထွက်လွန်မှုကို ထိန်းချုပ်ပြီး လူ့အသက်ကယ်တင်နိုင်မည့် ပတ်တီး

ဓားဒဏ်ရာနဲ့ သေနတ်ဒဏ်ရာတွေဟာ သွေးအလွန်အမင်း ထွက်နိုင်ပါတယ်။ အမြန်မကုသနိုင်ရင် ချက်ချင်းသေဆုံးနိုင်ပါတယ်။ တတ်ကျွမ်းသူတွေရဲ့ အကူအညီက လက်တကမ်းမှာ အမြဲရှိမနေနိုင်ပါဘူး။ ဒါကြောင့် Core Scientific Solutions ဆိုတဲ့ အစ္စရေးကုမ္ပဏီတခုက WoundClot ဆိုတဲ့ ပတ်တီးသစ်တမျိုးကို တီထွင်လိုက်ပြီး ဒီပတ်တီးက လူ့အသက်တွေကို ကယ်နိုင်မယ်လို့ ဆိုပါတယ်။ ဒေါက်တာ ရှန်နီအယ်လီရာဟုဂရော့စ်က ဒီအဖွဲ့ရဲ့ အဖွဲ့ဝင်တယောက်ပါ။ "ဒီပတ်တီးက ဖဲကြိုးရှည်ပုံစံနဲ့ ထုတ်ထားတာပါ။ သူ့ကို ဒဏ်ရာပေါ်မှာ စည်းပေးလိုက်ရင် ရေနဲ့ တခြား ဘယ်လိုအရည်မျိုးပဲဖြစ်ဖြစ် ထိတွေ့လိုက်တာနဲ့ စုပ်ယူအား အလွန်ကောင်းတာမို့ သွေးကိုစုပ်ပြီးတာနဲ့ သူက ဂျယ်အသွင်ပြောင်းပစ်နိုင်ပါတယ်။" ဒီပတ်တီးက ထိန်းမရအောင် သွေးထွက်လွန်နေတာကို မိနစ်ပိုင်းအတွင်း ရပ်တန့်ပေးနိုင်တယ်လို့ ဂရော့စ်က ဆိုပါတယ်။ လည်ပင်းနဲ့ ခေါင်းမှာရတဲ့ ဒဏ်ရာတွေဆိုလည်း ဖိထားပေးစရာ မလိုပါဘူး။ သွေးများများစုပ်ယူနိုင်လေ မြန်မြန်သွေးခဲလေလေပါပဲ။ ဒီပတ်တီးက ၂၄ နာရီခံတာမို့ လူနာတွေနဲ့ ဒဏ်ရာရထားတဲ့ စစ်သည်တွေကို ဆေးရုံရောက်တဲ့ထိ အချိန်ဆွဲပေးထားနိုင်တယ်လို့ တီထွင်သူတွေက ဆိုပါတယ်။ "ဒီပတ်တီးတွေအသုံးပြုပုံ မဆိုစလောက် သင်တန်းပေးရုံနဲ့ သွေးထွက်လွန်တာကို ကုသပေးနိုင်ပါတယ်။ ဒီနေ့သုံးနေတဲ့ ပုံမှန်ကုထုံးတွေနဲ့တင် အခက်အခဲမရှိ ကုသပေးနိုင်ပါတယ်။" အစ္စရေးရဲတပ်ဖွဲ့နဲ့ စစ်တပ်အပြင် ဆေးရုံတွေကိုပါ ဒီ WoundClot ပတ်တီးတထုပ်ကို ၁၀ ဒေါ်လာနဲ့ ရောင်းချပေးနေတာမို့ ငွေကုန်သက်သာသလို အသက်ပေါင်းများစွာကို ကယ်တင်နိုင်ဖို့ မျှော်လင့်တယ်လို့ ကုမ္ပဏီကဆိုပါတယ်။
5 years Ago
Up