သောက်သုံးရေ

April 2, 2019

ညောင်လေးပင်မြို့နယ်၌ လူဦးရေ ၃၀၀၀ ကျော် သောက်သုံးရေရှားပါးမှု အခက်ကြုံနေ

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့အနီးက ကျေးရွာအုပ်စု နှစ်အုပ်စုက လူဦးရေ ၃၀၀၀ ကျော်လောက် သောက်သုံးရေရှားပါးမှု အခက်အခဲနဲ့ ကြုံတွေ့နေရတယ်လို့ ဒေသခံ ရွာသားတွေက ပြောပါတယ်။ ငါးကြီးအိုင်ကျေးရွာနဲ့ ဗန်းမော်တော ကျေးရွာအုပ်စုတွေမှာ မြေအောက်ရေ အငန်ဓာတ် များတာကြောင့် စက်ရေတွင်းက ထွက်တဲ့ရေကို သောက်သုံးလို့မရနိုင်ဘဲ ကန်ရေကိုသာ အားထား အသုံးပြုနေကြတာပါ။ အဲဒီကျေးရွာတွေမှာ လက်ရှိ နွေရာသီကာလ သောက်သုံးရေကန်တွေ ခန်းခြောက်သွားလို့ ငါးကြီးအိုင် တောင်ဘက်ရွာက ကန်ရေကိုသာ အဓိကအားထားပြီး စက်ဘီး၊ ဆိုင်ကယ်၊ ထော်လာဂျီ စတာတွေနဲ့ သယ်ယူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံရွာသား ဦးမျိုးမြင့်လေးက “အရင်က ဘေးရွာတွေမှာလည်း ကန်တွေရှိတယ်။ အဲ့ဒီရွာတွေက ရေကန်တွေ ခန်းလာတာကြောင့် ဒီရွာကကန်ကိုပဲ လာယူသုံးစွဲနေကြရတယ်။ လေးရွာလောက်က ဝိုင်းအသုံးပြုနေကြတော့ ဒီကန်လည်း ဒီနွေခံနိုင်ပါ့မလားဆိုတာ စိုးရိမ်စိတ်တွေ ဖြစ်နေရတယ်” လို့ ပြောပါတယ်။ ရွာလေးရွာ ဝိုင်းဝန်းအသုံးပြုနေတဲ့ ငါးကြီးအိုင် တောင်ဘက်ရွာက ရေကန်ဟာလည်း အရင်က ရေပြင် တဧကအကျယ်နဲ့ အနက် ပေ ၅၀ ကျော်ရှိရာက ခုအချိန်မှာတော့ ရေပြင် ပေ ၅၀ အကျယ်လောက်နဲ့ အနက် ၈ ပေလောက်သာ ကျန်ရှိပါတယ်။ ကန်ပိုင်ရှင် ဦးထွေးက “အခုအသုံးပြုတဲ့ကန်က အကာအရံတွေ သိပ်မကောင်းတော့ ကျွဲနွားတွေက တိုးပြီး ရေသောက်ကြတယ်။ ရေသောက်တယ်ဆိုတာနဲ့ မစင်ပါ တခါတည်း ပါကြတာလေ။ တို့တွေကလည်း အမြဲမစောင့်နိုင်တော့ ခုအသုံးပြုနေတဲ့ကန် ပျက်သွားမှာကို အရမ်းစိုးရိမ်နေရတယ်။ အကာအတွက် အလှူရှင်တွေရှိရင်တော့ ကောင်းတာပေါ့” လို့ ပြောပါတယ်။ အဲဒီကျေးရွာတွေဟာ အရင်က ရေရှားပါးဒဏ်ကို မခံရပေမယ့် ရေနွယ်ချောင်း တိမ်ကောသွားတာကြောင့် လွန်ခဲ့တဲ့ ခြောက်နှစ်လောက်ကစပြီး ရေရှာပါးမှုဒဏ်ကို ရွာသားတွေ တဖြည်းဖြည်း ခံစားနေကြရတာ ဖြစ်ပါတယ်။ သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်
2 years Ago

November 4, 2018

သောက်သုံးရေ လုံလောက်စွာရရေး ဦးစားပေးလုပ်မည် - ဆိပ်ကမ်းအနိုင်ရ ကြံ့ခိုင်ရေးကိုယ်စားလှယ်

ဆိပ်ကမ်း ၂ မဲဆန္ဒနယ်မှာ သောက်သုံးရေ လုံလုံလောက်လောက် ရရှိရေးကို ပထမဦးစားပေးလုပ်သွားမယ်လို့ ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးနေမျိုးအောင်က ပြောပါတယ်။ နိုဝင်ဘာ ၃ ရက်နေ့က ကြားဖြတ်ရွေးကောက်ပွဲမှာတော့ USDP ကိုယ်စားလှယ်က ဆန္ဒမဲအားလုံးရဲ့ ထက်ဝက်ကျော်ရရှိပြီး အနိုင်ရခဲ့ပါတယ်။ ဆိပ်ကမ်း ၂ မဲဆန္ဒနယ်ဟာ ရပ်ကွက် ၂ ခု ရှိပြီး သောက်သုံးရေ လုံလုံလောက်လောက် ရရှိရေးကို အဓိက ဦးစားပေးလုပ်ပေးသွားမယ်လို့ အနိုင်ရတဲ့ ကိုယ်စားလှယ်က ပြောပါတယ်။ ဦးနေမျိုးအောင်ဟာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီး ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြန်လည်အနိုင်ရခဲ့တာပါ။ ရွေးကောက်ပွဲကော်မရှင်ရဲ့ စာရင်းတွေအရ ဆိပ်ကမ်း၂ မဲဆန္ဒနယ်မှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၄၃၄ ဦးရှိပါတယ်။ ဆိပ်ကမ်း ၂ မဲဆန္ဒနယ်က ရဲရိပ်သာရပ်ကွက်မဲရုံမှာ ဆန္ဒမဲပေးခွင့်ရှိသူ ၇၄၆ ဦး၊ မိသားစုရပ်ကွက် မဲရုံမှာ ၆၈၈ ဦး ရှိပြီး ၂ ရုံပေါင်း မဲဆန္ဒရှင် ၉၀၀ ကျော် မဲပေးခဲ့ပါတယ်။ ဆိပ်ကမ်း ၂ မဲဆန္ဒနယ်မှာ ပါတီ ၈ ပါတီက ကိုယ်စားလှယ်လောင်း ၈ ဦး၊ တဦးပုဂ္ဂလ ကိုယ်စားလောင်း ၁ ဦး စုစုပေါင်း ၉ ဦးဝင်ပြိုင်ပြီး ဒီထဲမှာ အမျိုးသမီးကိုယ်စားလှယ်လောင်း ၂ ဦး ပါဝင်ပါတယ်။ ဒီမဲဆန္ဒနယ်ဟာ မြန်မာတနိုင်ငံလုံးမှာ ကျင်းပပြုလုပ်ခဲ့တဲ့ မဲဆန္ဒနယ် ၁၃ နေရာမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အနည်းဆုံးနဲ့ ကိုယ်စားလှယ်လောင်း အများဆုံးဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မဲဆန္ဒနယ်ပါ။ မြန်မာတနိုင်ငံလုံးမှာ ပြုလုပ်ခဲ့တဲ့ မဲဆန္ဒနယ် ၁၃ နေရာမှာ ပါတီ ၂၄ နဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၇ ဦးအပါအဝင် ကိုယ်စားလှယ်လောင်း ၆၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ပြီး အမျိုးသမီးကိုယ်စားလှယ်လောင်း ၇ ဦးပါဝင်ပါတယ်။
3 years Ago
More News
Up