သေနတ်​ပစ်ခံရ

April 15, 2019

မြောက်ဦးမြို့နယ် ဘောင်းဒွတ်ရွာတွင် သေနတ်​ပစ်ခံရ၍ ရွာသား ၁​ဦး​သေ၊ ၁ဦးဒဏ်​ရာရ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ဘောင်းဒွတ်ကျေးရွာမှာ  ဧပြီ ၁၃ ရက်​ ည​ ၁၀ နာရီ​ကျော်​လောက်က အရပ်သားဒေသခံ နှစ်ဦး သေနတ်ပစ်သတ်ခံရပြီး တဦးသေဆုံးကာ တဦးဒဏ်ရာရရှိသွားပါတယ်။ သေဆုံးသူဟာ ဘောင်းဒွတ်ရွာနေ အသက် ၆၂ နှစ်အရွယ်ရှိ ဦးမောင်ကျော်စိန် ဖြစ်ပြီး ဒဏ်ရာရသူကတော့ ဘောင်းဒွတ်ရွာကို ခေတ္တအလည်ရောက်နေတဲ့  လက္ကာကျေးရွာက ဦးဦးကျော်သိန်း အသက် (၆၃)နှစ်ဖြစ်​ကာ ​သေဆုံးသူနဲ့ ​ယောက်​ဖတော်စပ်တယ်လို့ သိရပါတယ်​။ သေဆုံးသွားသူတွေရဲ့ မိတ်ဆွေ ဘောင်းဒွတ်ရွာသားတဦးက "​ မ​နေ့က သူတို့နှစ်​ဦးက ကျနော့်အိမ်​မှာ ထိုင်​ပြီးစကား​ပြော​နေကြတာပါ။ ည ၈ နာရီ​ကျော်​​​လောက်​မှာ ​သေနတ်​သံ သုံးချက်​ကြားပါတယ်​။ ဒါ​ကြောင့် သူတို့လည်း သူတို့​နေအိမ်​ကိုပြန်​သွားကြပါတယ်​။ ည ၁၀ နာရီ​ကျော်​​လောက်​မှာ ​သေနတ်​သံ​တွေ ဆက်​တိုက်​​ထွက်​​ပေါ်လာပြီးတဲ့​နောက်​ ​သေဆုံးသွားသူ​ အော်​သံကြားရပါတယ်​။ ကျနော်တို့လည်း ဒီ​လောက်​​သေနတ်​​တွေပစ်​​နေတာ ဘယ်​လိုမှ သွားမကြည့်နိုင်ဘူး။  သက်​ဆိုင်​ရာက ​ပေးထားတဲ့ ဖုန်း​တွေကို ဆက်​သွယ်​ပြီး အ​ကြောင်းကြားပါတယ်​။ ဘယ်​သူမှ လာ​ရောက်​တာမရှိပါ။ မနက်​ ၃ နာရီ​လောက်​မှာ ​နောက်​တကြိမ်​ ပစ်​ခတ်​ပါတယ်​။ မိုးလင်းတဲ့ အချိန်​မှာမှ ကျနော်တို့ သွားကြည့်ဖြစ်​တာပါ။ ကျည်​က ​ဖောက်ထွက်​သွားပါတယ်​။ နောက်​တယောက်​မှာက ကျည်​က ​ဖောက်​မထွက်​ပါဘူး။ သူ့ကို​​တော့ စစ်​​တွေ​ဆေးရုံကို ယူသွားပါတယ်​" လို့​ပြောပါတယ်​။ သေနတ်နဲ့ပစ်သူတွေဟာ စစ်တပ်ကဖြစ်တယ်လို့ ဘောင်းဒွတ် ရွာသားကပြောပေမယ့် တပ်​မ​တော်​ သတင်းမှန်​ ပြန်​ကြား​ရေးအဖွဲ့ အတွင်းအ​ရေးမှူး ဗိုလ်​မှူးချုပ်​​ဇော်​မင်းထွန်းကတော့  တပ်မတော်အနေနဲ့ ဘောင်းဒွတ်ကျေးရွာဘက်ကို ပစ်ခတ်တာမျိုးမရှိဘူးလို့ ပြောပါတယ်။ တပ်​ရင်း ခမရ ၃၇၇ရဲ့ အိမ်​​ထောင်​သည်​လိုင်းခန်းအနီးမှာတော့ မသင်္ကာ စရာ လှုပ်​ရှားမှုတွေရှိတဲ့အတွက်​ ပစ်ခတ်မှုရှိခဲ့ပြီး ဒီအ​ကြောင်းဖြစ်​စဉ်​ကို သတင်းထုတ်​ပြန်​ပေး သွားမယ်လို့လည်း ပြောပါတယ်​။ ​သေဆုံးသွားတဲ့ ဘောင်းဒွတ်ကျေးရွာက  ဦးမောင်ကျော်​စိန်​ အသက် ၆၂ နှစ်ကို ​မြောက်​ဦးသုဿန်​မှာ မြေမြှုပ် ​သင်္ဂြိုဟ်လိုက်​ပြီဖြစ်​​ပါတယ်​။
2 years Ago
Up