သေနတ်ဖြင့် သူ့ကိုယ်သူပြန်ချိန်ထားသည့် တရားခံလက်နက်ချရေး ထိုင်းရဲဖျောင်းဖျနေ

A d v e r t i s e m e n t With Us

May 19, 2016

သေနတ်ဖြင့် သူ့ကိုယ်သူပြန်ချိန်ထားသည့် တရားခံလက်နက်ချရေး ထိုင်းရဲဖျောင်းဖျနေ (ရုပ်သံ)

ထိုင်းနိုင်ငံ ဘန်ကောက် ပရန်နခွန်ရာဂျာဘတ် တက္ကသိုလ် ဗုဒ္ဓဒဿနိကဗေဒဌာနမှာ မနေ့က တက္ကသိုလ်ဆရာ ၂ ဦးကို  ပစ်သတ်ခဲ့တဲ့ အဲဒီတက္ကသိုလ်မှ အသက် ၆၀ ရွယ်ရှိ ဒေါက်တာ ၀မ်းချိုင်း ဒနိုင်တာမိုနတ်ကို ဖမ်းဆီးရမိဖို့ တာဝန်ကျရဲတပ်ဖွဲ့ နဲ့ နီးစပ်သူတွေက အချိန် ၅ နာရီကျော် ပိတ်ဆို့ ဖျောင်းဖျနေပါတယ်။ သူဟာ တက္ကသိုလ်ဆရာ ၂ ဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့ကြောင်း စီစီကင်မရာထဲကနေ ထင်ရှားစွာတွေ့ရှိခဲ့ပြီးတဲ့နောက် ပန်ခဲန်ရဲစခန်းတာဝန်ရှိသူတွေက လိုက်လံဖမ်းဆီးနေပြီး  ဒီကနေ့ နေ့လယ် ၁၂ နာရီခွဲအချိန်မှာတော့ ဘန်ကောက်မြို့လယ် ဆဖန်းခွဲရပ်ကွက်ရှိ ဟိုတယ်တခုကနေ ထွက်ပြေးဖို့ ပြင်နေတဲ့သူ့ကို တွေ့ရှိခဲ့ပါတယ်။ ရုပ်သံဖိုင်ထဲမှာတော့ ရဲတပ်ဖွဲ့မှ ၀င်ရောက်ဖမ်းဆီးဖို့ လုပ်ပေမယ့် ဒေါက်တာဝမ်းချိုင်းက  ၉ မမ သေနတ်ထုတ်ပြီး သူ့ဦးခေါင်းကို တေ့ထားကာ ရဲတွေရှေ့တိုးရင် သူ့ကိုယ်သူသတ်သေမယ်လို့ ပြောဆိုတဲ့အတွက် ရဲဘက်က ရှေ့မတိုးနိုင်ဘဲ အနုနည်းနဲ့ လက်နက်ချဖို့ ဖျောင်းဖျနေတာ ဖြစ်ပါတယ်။ ရဲတွေနဲ့အတူ ဒေါက်တာဝမ်းချိုင်း ရဲ့ အစ်ကို၊ တပည့်မိန်းကလေးတဦးနဲ့ ဒေါက်တာက ကြည်ညို လေးစားသူ အမျိုးသမီးကြီးတဦးတို့ကလည်း လော်စပီကာကနေ မိမိကိုယ်မိမိ သေကြောင်းမကြံဖို့ လက်နက်ချ ဖို့  အမျိုးမျိုးပြောဆို ချော့မော့နေတာပါ။ အဆိုပါနေရာအနီးမှာ ဒေါက်တာဝမ်းချိုင်း ရဲ့ ဆွေမျိုး၊ တပည့်တပန်းတွေပါ ရောက်ရှိနေပြီး သတင်းထောက်ပေါင်း ၁၀၀ ကျော်ကလည်း တိုက်ရိုက်သတင်းရယူနေပါတယ်။ ဒီမတိုင်ခင် မနက် ၁၁ နာရီခန့်က ဒေါက်တာဝမ်းချိုင်း ရဲ့ နီးစပ်သူတစ်ဦးက ရဲစခန်းကို ရောက်ရှိ လာပြီး ဒေါက်တာဟာ လိုင်းအပလီကေးရှင်းကနေတဆင့် သူခင်တဲ့သူတွေကို နောက်ဆုံး နှုတ်ဆက်ခြင်း မက်ဆေ့ခ်ျတွေ ပေးပို့ခဲ့ကြောင်း တိုင်ကြားထားပါတယ်။ အခု ဒီသတင်းတင်တဲ့ ညနေ ၆ နာရီအထိ တရားခံကို ဖမ်းဆီးမိဖို့ ရဲတပ်ဖွဲ့ဝင်တွေက ဆက်လက်ဖျောင်းဖျနေဆဲဖြစ်ပါတယ်။ ဒီအဖြစ်ပျက်ကို https://m.facebook.com/story.php?story_fbid=10154873075242729&id=200355362728&_rdr စာမျက်နှာမှာလည်း အခုချိန်ထိ တိုက်ရိုက်ထုတ်လွှင့်နေပါတယ်။
5 years Ago
Up