သေနတ်ဖြင့်ပစ်သတ်

June 27, 2019

ဇနီးမောင်နှံအား သေနတ်ဖြင့် ပစ်ခတ်ခဲ့သူကို ​သေဒဏ်​နှင့်​ထောင်​ဒဏ်​ ချမှတ်

မန္တလေးမြို့မှာ ဆိုင်ကယ်စီးလာတဲ့ ဇနီးမောင်နှံကို သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ အသက် ၃၈ နှစ်အရွယ် တရားခံ ခွန်ကောလားကို မန္တလေးခရိုင်တရားရုံးက ဇွန်​လ ၂၇ ရက်​​ ​နေ့လယ်ပိုင်းမှာ ​သေဒဏ်​အပြင် အလုပ်​ကြမ်းနဲ့ ထောင်​ဒဏ်​ ၁၀ နှစ်​ အမိန့်ချမှတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် သြဂုတ် ၁၃ ရက် မနက် ၁၁ နာရီခွဲလောက်က ချမ်းမြသာစည်မြို့နယ်၊ ၅၅ လမ်းနဲ့ မနော်ဟရီလမ်းတောင်ဘက်၊ ရွာလယ်လမ်းနဲ့ နှင်းဆီလမ်းကြား လမ်းမပေါ်မှာ ဆိုင်ကယ်စီးလာတဲ့ ဇနီးမောင်နှံနှစ်ဦးကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာလည်း ဖြစ်ပါတယ်။ မျက်နှာချင်းဆိုင် ဆိုင်ကယ်စီးနင်းလာတဲ့ လီလျှံခွမ်း(ခေါ်)ကိုဇော်လင်းနဲ့ ဇနီးဖြစ်သူ မယွမ်ဖိန်း (ခေါ်) မဟော်လောက်ဖိန်းတို့ စီးနင်းလာတဲ့ ဆိုင်ကယ်ရှေ့ကနေပိတ်ရပ်ပြီး လက်ထဲမှာ အသင့်ပါလာတဲ့ ပစ္စတိုနဲ့ လေးချက်ပစ်ခတ်ပြီး ထွက်ပြေးသွားခဲ့တာပါ။ လီလျှံခွမ်း(ခ)ကိုဇော်လင်းရဲ့ ရင်ဘတ်မှာ သေနတ်ဒဏ်ရာတချက်၊ ဝဲဘက်နံဘေးမှာ သေနတ်ဒဏ်ရာတချက် ရရှိခဲ့ပြီး မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးမှာ ဆေးဝါးကုသမှု ခံယူခဲ့ရတယ်လို့ သိရပါတယ်။ သူ့ရဲ့ ဇနီးဖြစ်သူ ဒေါ်ယွမ်ဖိန်း(ခေါ်) မဟော်လောက်ဖိန်းကတော့ အခင်းဖြစ်နေရာမှာပဲ ဝဲဘက်နားထင်သေနတ်ဒဏ်ရာတချက်ရရှိပြီး နေရာမှာပဲ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။ အဲဒီအတွက် ခွန်ကောလားကို ကန်​သာယာရပ်​ကွက်​အုပ်​ချုပ်​​ရေးမှူးက တရားလိုပြုလုပ်​ပြီး တရားစွဲဆိုခဲ့ရာ ၂၀၁၉ ခုနှစ်​ ​ဖေ​ဖော်ဝါရီ ၁၄ ရက်​​က ရာဇသတ်​ကြီးဥပ​ဒေပုဒ်​မ ၃၀၂(၁)(ဂ)၊ ရာဇသတ်​ကြီးဥပ​ဒေပုဒ်​မ ၃၉၂/ ၃၉၇ စွဲချက်​တင်​ခဲ့ပြီး ဇွန်​လ ၂၇ ရက်​​ ​နေ့လယ်​ပိုင်းမှာတော့ ရာဇသတ်​ကြီးဥပ​ဒေပုဒ်​မ ၃၀၂(၁)(ဂ)အရ ​သေဒဏ်​နဲ့ ရာဇသတ်​ကြီးဥပ​ဒေပုဒ်​မ ၃၉၂/ ၃၉၇ အရ အလုပ်​ကြမ်းနှင့်​ ​ထောင်​ဒဏ်​ ၁၀ နှစ်​ချမှတ်​ခဲ့တာလည်း ဖြစ်ပါတယ်။ အခုလို သေဒဏ်ချမှတ်ခံရတာနဲ့ ပတ်​သက်​ပြီး ခွန်​​ကောလားဘက်​ကနေ အယူခံတက်​လိုတဲ့ ဆန္ဒရှိပါက ဆက်လက်ဆောင်​ရွက်​​ပေးသွားမယ်လို့ သူ့ရဲ့​ရှေ့​နေအဖြစ်​ လိုက်​ပါ​ဆောင်​ရွက်​​ပေးနေ တဲ့ တရားလွှတ်​​တော်​​ရှေ့​နေ ဦးခင်​​မောင်​မြင့်​က​ပြောပါတယ်။ ဒါ့အပြင် ခွန်​​ကောလားကို ချမ်းမြသာစည်​မြို့နယ်​ တရာရုံးကလည်း လက်​နက်​ဥ​ပေဒပုဒ်​မ ၁၉ (စ) နဲ့ သီးခြား ​ထောင်​ဒဏ်​ ၃ နှစ်​ချမှတ်​ထားတယ်လို့ သိရပါတယ်။ ထိန်ထိန်လင်း
2 years Ago

May 28, 2018

ဒူးထောက်တောင်းပန်သည့် မြန်မာအလုပ်သမားကို ထိုင်းအလုပ်ကြပ်က သေနတ်ဖြင့်ပစ်သတ်

ထိုင်းနိုင်ငံတောင်ပိုင်း ကရပီခရိုင် ကရပီမြို့မှာ ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့ညက ထိုင်းလူမျိုး အလုပ်ကြီးကြပ်သူနဲ့ စကားများရာက  မြန်မာအလုပ်သမား ၁ ဦး သေနတ်ပစ်ခံရပြီး သေဆုံးသွားပါတယ်။ မေလ ၂၆ ရက်နေ့ည ၉ နာရီလောက်က ကရပီမြို့ ပတ်နမ့်ရပ်ကွက် ဥတရကစ်လမ်းရှိ ဆေးရုံကြီးဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ လူ ၁ ဦး သေနတ်ပစ်ခံရကြောင်း သတင်းရရှိတဲ့အတွက် လူနာတင်ကားတွေနဲ့အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း၊ ဆောက်လက်စဆေးရုံကြီး အနောက်ဘက် အလုပ်သမားတန်းလျားနားမှာ အရှေ့ရင်ဘတ်ကနေ နောက်ကျော ဖောက်ထွက်သွားတဲ့ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေသူ မြန်မာအလုပ်သမားတဦးကို တွေ့ရတာလို့ ကရပီ မြို့နယ်ရဲစခန်း တာဝန်ရှိသူတဦးက သတင်းထောက်တွေကို ပြောပါတယ်။ စစ်ဆေးချက်အရ  သေဆုံးသူမှာ အသက် ၃၂ နှစ်ရွယ်ရှိ  ကျော်လင်းဆိုသူ မြန်မာ အလုပ်သမားတဦးဖြစ်ပြီး သေနတ်နဲ့ ပစ်ခတ်သူကတော့ နိုင်းအနုကွန်း ဟန်ထန်းတကန် (အသက် ၅၀ နှစ်) ဆိုသူ အလုပ်ကြီးကြပ်သူဖြစ်တယ်လို့ ဆိုပါတယ်။ ဒီမတိုင်ခင် သူတို့ ၂ ဦးဟာ တခြား အလုပ်သမားတွေနဲ့ရော လေးကောင်ဂျင်လို့ လောင်းကစားဝိုင်းမှာ အတူကစားနေကြကြောင်း၊ ကစားရင်းနဲ့  ကျော်လင်းနဲ့ နိုင်းအနုကွန်းတို့ စကားများပြီး နိုင်းအနုကွန်းက သေနတ် ၂ ချက် အရင် ခြိမ်းခြောက်ပစ်ဖောက်ခဲ့ကြောင်း၊ အလုပ်သမားတွေ လူစုခွဲပြီး ထွက်ပြေးရာမှာ ကျော်လင်းလည်း သူ့အခန်းကို ပြန်လာစဉ် အလုပ်ကြပ်က အနောက်ကလိုက်ပြီး ပစ်ခတ်ခဲ့တာလို့ မျက်မြင်သက်သေတွေက ရဲတပ်ဖွဲ့ကို ပြောပါတယ်။ ကျော်လင်းဟာ သေနတ်နဲ့ အပစ်မခံရခင်က နိုင်းအနုကွန်းကို ဒူးထောက်လက်အုပ်ချီပြီး သူ့အသက်ကို ချမ်းသာပေးဖို့ တောင်းပန်ခဲ့ကြောင်း၊ ဒါပေမယ့် နိုင်းအနုကွန်းက နားမထောင်ဘဲ သေနတ်နဲ့ ပစ်ပြီး မိန်းမနဲ့ သမီး ၂ ယောက်ကို ကားပေါ်တင်ဆောင်ကာ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။ လူသတ်မှု ကျူးလွန်သူ နိုင်းအနုကွန်းကို ဖမ်းဆီး အပြစ်ပေးဖို့အတွက် တာဝန်ရှိသူတွေက လိုက်လံရှာဖွေနေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
3 years Ago
Up