သေနတ်ဖြင့်ပစ်ခတ်

February 26, 2017

ဂျာမနီ လူသွားလမ်းပေါ် ကားနှင့်တိုက် ဓားကိုင်ထွက်ပြေးသူကို သေနတ်ဖြင့်ပစ်ခတ် (ရုပ်သံ)

ဂျာမနီနိုင်ငံ၊ အနောက်တောင်ပိုင်းက ဟိုင်ဒါဘတ် Heidelberg မြို့မှာ ဖေဖော်ဝါရီ ၂၅ ရက်နေ့က လူသွားလမ်းပေါ် ကားနဲ့တမင်တက်တိုက်လို့ လူ ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာ ရခဲ့ပါတယ်။ ကားနဲ့ တက်တိုက်ခဲ့သူဟာ အသက် ၃၅ နှစ်အရွယ် ဂျာမနီနိုင်ငံသားဖြစ်ပြီး တခြားတနိုင်ငံကလာပြီး အခြေချနေထိုင်သူမဟုတ်ဘူးလို့ ဂျာမနီရဲတပ်ဖွဲ့ ပြောဆိုပါတယ်။ တိုက်ခိုက်သူဟာ ဓားတချောင်းကိုင်ဆောင်ထွက်ပြေးလို့ ရဲကပစ်ခတ်ဖမ်းဆီးခဲ့ရပြီး ရတဲ့ ဒဏ်ရာလည်း ပြင်းထန်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ သူဘာကြောင့် ကားနဲ့ တိုက်ခိုက်ခဲ့တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် အကြမ်းဖက်တိုက်ခိုက်မှုပုံစံမျိုးတော့ မတွေ့ရဘူးလို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒဏ်ရာရသူ အသက် ၇၃ နှစ်အရွယ် ဂျာမနီနိုင်ငံသားတဦးကတော့ ဆေးရုံမှာ သေဆုံးသွားပြီး ကျန် ၂ ဦးကတော့ နိုင်ငံခြားသားတွေဖြစ်ကြပါတယ်။ ဒီကားနဲ့ တိုက်ခိုက်သူဟာ စိတ်ဝေဒနာသည်ဖြစ်တယ်လို့ ဒေသခံမီဒီယာတွေမှာ ဖော်ပြမှုကိုတော့ ဒေသခံရဲတပ်ဖွဲ့က အတည်မပြုနိုင်သေးပါဘူး။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတော့ ဘာလင်မြို့ ခရစ္စမတ်ဈေးတန်းတခုမှာ ကုန်ကားနဲ့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ခဲ့လို့ လူ ၁၂ ဦး သေဆုံးပြီး အယောက် ၅၀ နီးပါး ဒဏ်ရာရခဲ့ကြတာပါ။
4 years Ago
Up