ဆီးဂိမ်းပြိုင်ပွဲဝင်ဖို့ ပြင်ဆင်လေ့ကျင့်နေတဲ့ သေနတ်ပစ်အားကစားအဖွဲ့ဟာ လက်နက်ခဲယမ်း ဝယ်ယူမှုအပိုင်းမှာ အခက်အခဲတွေ ရှိနေတယ်လို့ သေနတ်ပစ်အားကစားအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌက ပြောပါတယ်။
ဆီးဂိမ်းပြိုင်ပွဲအတွက် လက်နက်ခဲယမ်းဝယ်ယူဖို့ အခက်အခဲ ရှိနေပေမယ့်လည်း လက်ရှိ ရှိနေတဲ့ လက်နက်ခဲယမ်းတွေနဲ့ပဲ အကောင်းဆုံးကြိုးစား ယှဉ်ပြိုင်သွားမယ်လို့ သေနတ်ပစ် အားကစားအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဗိုလ်မှူးကျော်မိုးဝင်းက ပြောလိုက်တာပါ။
“လက်နက်ခဲယမ်းနဲ့ အထောက်အကူပစ္စည်းပေါ့။ လက်နက်ခဲယမ်း ဝယ်ယူဖို့ကတော့ အခက်အခဲ ရှိနိုင်ပါတယ်။ အခက်အခဲရှိပေမယ့်လို့ လက်ရှိ ရှိနေတဲ့ ခဲယမ်းနဲ့ပဲ ကျနော်တို့ အကောင်းဆုံးဖြစ်အောင် ကြိုးစားယှဉ်ပြိုင်သွားမှာပါ။ ဒါပေမယ့် ဝယ်ယူနိုင်ဖို့ အခွင့်အရေးရမယ်ဆိုရင်တော့ အဆင်ပြေနိုင်တာပေါ့။ ဝယ်ယူနိုင်ဖို့အတွက်ကတော့ တော်တ်ာလေး အခက်အခဲရှိပါတယ်။”
သေနတ်ပစ်အားကစားအဖွဲ့ချုပ်အနေနဲ့ ရေရှည်အတွက် အထောက်အကူပြုပစ္စည်းတွေ ရရှိဖို့အတွက်သာမကဘဲနဲ့ ကစားသမား ရရှိဖို့ကိုလည်း ပြိုင်ပွဲတွေကျင်းပပြီးတော့ ရှာဖွေနေပါတယ်။
ဗိုလ်မှူးကျော်မိုးဝင်းက “အဓိကက ကျနော်တို့ သေနတ်ပစ်အဖွဲ့ချုပ်မှာ လိုအပ်တာကတော့ ကစားသမားလူနဲ့ အထောက်အကူပစ္စည်းပါ။ အထောက်အကူပစ္စည်းကတော့ ကျနော်တို့ ရနိုင်တဲ့နည်းလမ်းတွေနဲ့ နည်းလမ်းပေါင်းစုံစဉ်းစားပြီး အထက်ကိုတင်ပြဖို့အတွက် စဉ်းစားပြီးပါပြီ။ ကစားသမား လူရရှိဖို့အတွက်ကတော့ ကျနော်တို့ တိုင်းနဲ့ပြည်နယ် ပြိုင်ပွဲတွေ၊ ကျန်တဲ့ ကလပ်တွေ၊ ပြည်နယ် တိုင်းတွေမှာရှိတဲ့ ကစားသမားတွေ၊ နောက်ပြီးတော့ သိပ္ပံမှာရှိတဲ့ ကစားသမားတွေ အဲဒါတွေတော့ ကျနော်တို့ အကောင်းဆုံး ပြုစုပျိုးထောင် လေ့ကျင့်ပေးသွားဖို့အတွက် စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်”လို့ ဆက်ပြောပါတယ်။
ဒီလို လိုအပ်ချက်တွေများစွာ ရှိနေသေးတဲ့အပြင် တခြားလိုအပ်ချက်တွေကတော့ ငယ်ရွယ်တဲ့ ကစားသမားလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုရရှိဖို့နဲ့ လူငယ်ကစားသမားတွေရော လူကြီးကစားသမားတွေပါ ထောက်ပံ့ကြေး ပိုမိုရရှိဖို့ လိုအပ်တယ်လို့ သေနတ်ပစ် လက်ရွေးစင်ကစားသမားတဦးဖြစ်တဲ့ ရဲထွန်းနောင်က ဆိုပါတယ်။
“ကလေးတွေက ငယ်သေးတယ်ဆိုတော့ သူတို့အနေနဲ့ လိုအပ်ချက်တွေ၊ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုတွေက အများကြီးလိုအပ်တယ်။ လူမှုရေးပိုင်းဆိုင်ရာ အများကြီး သိပ်ဟဲဗီးမရှိပါဘူး။ လောလောဆယ် လိုအပ်တာကတော့ ထောက်ပံ့ကြေးတို့ ဘာတို့ ရနိုင်မယ်ဆိုရင်တော့ ပိုပြီးတော့ အဆင်ပြေနိုင်မယ် ထင်ပါတယ်။ ကလေးတွေအတွက်ရော၊ လူကြီးတွေအတွက်ရောပေါ့နော်။”
သေနတ်ပစ်အားကစားအနေနဲ့ လက်ရှိအချိန်မှာ လက်ရွေးစင်ကစားသမားတွေ ပေါ်ထွက်လာရေးအတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်သေနတ်ပစ်ပြိုင်ပွဲတွေ၊ တံခွန်စိုက်ပြိုင်ပွဲတွေ ကျင်းပပြုလုပ်နေပါတယ်။
အဲဒီပြိုင်ပွဲတွေကနေ ပဏာမလက်ရွေးစင်တွေ ရွေးချယ်ရေးနဲ့ အလားအလာရှိတဲ့ လက်ရွေးစင်ကစားသမားတွေ ပေါ်ထွက်လာဖို့အတွက် ရည်ရွယ်ထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် စင်ကာပူမှာလုပ်တဲ့ ဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာ သေနတ်ပစ်အားကစားအဖွဲ့က အသင်းလိုက် ကြေးတံဆိပ် ၂ ခုပဲ ရယူနိုင်ခဲ့ပါတယ်။
သတင်း - ထက်လူ
6 years Ago