သေနတ်ပစ်ခတ်မှု

July 29, 2019

နယူးယောက်နှ်င့် ကယ်လီဖိုးနီးယားပြည်နယ် ပစ်ခတ်မှုအတွင်း သေဆုံးသူ ၅ ဦးအထိရှိ

အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်နဲ့ ကာလီဖိုးနီးယား ပြည်နယ်တွေအတွင်း ဇူလိုင် ၂၈ ရက် တရက်တည်းမှာတင် ပစ်ခတ်မှုတွေကြောင့် လူသေဆုံး ဒဏ်ရာရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ နယူးယောက်ပြည်နယ် နယူးယောက်မြို့ ကလေးကစားကွင်းနားမှာ ညဥ့်နက်ချိန် ပစ်ခတ်မှုကြောင့် လူတယောက်ထက်မနည်း သေဆုံးပြီး ၁၂ယောက် ဒဏ်ရာရတယ်၊ ၆ ယောက်ကို ဆေးရုံတင်ထားရပြီး တချို့က အသည်းအသန် အခြေအနေမှာ ရှိနေတယ်လို့ အမေရိကန် သတင်းဌာန အတော်များများက ဖော်ပြကြပါတယ်။ ဘရွတ်ကလင်းနယ်မြေ ဘရောင်းစ်ဗယ်လီ ရပ်ကွက်မှာ နှစ်စဉ်ကျင်းပနေကျ "Oldtimers Day Celebration" မိတ်ဆုံစားပွဲ ကျင်းပတဲ့ နေရာမှာ ပစ်ခတ်ခဲ့တာလို့ NBC သတင်းဌာနက ကြေညာပါတယ်။ ကာလီဖိုးနီးယားပြည်နယ် စန်ဟိုဆေးမြို့ တောင်ဘက်က ၃ ရက်ကြာ ကျင်းပတဲ့ အစားအသောက်ပွဲတော်တခုမှာ ပစ်ခတ်မှုကြောင့် သေနတ်သမားလို့ သံသယရှိသူ အပါအဝင် လူ ၄ ယောက် သေဆုံးတယ်၊ ၁၅ ယောက် ဒဏ်ရာရတယ်လို့ ပြည်နယ်ရဲချုပ် စကော့စမစ်တီက ပြောပါတယ်။ ပစ်ခတ်နေချိန်မှာ လူတွေ အကာအကွယ်ရဖို့ ပြေးလွှားနေတဲ့ ရုပ်သံတွေလည်း လူမှုကွန်ရက် အင်တာနက်ပေါ် ရောက်လာပါတယ်။ ဂီလ်ရွိုင် ကြက်သွန်ဖြူပွဲတော်မှာ ပစ်ခတ်မှုအပြီး လူ ၁၁ ယောက် ကျည်ထိမှန်ခဲ့တယ်လို့ လူနာတင်ယာဉ် ဝန်ထမ်းတွေကို ကိုးကားပြီး NBC သတင်းဌာနက အစောပိုင်းမှာ ပြောပါတယ်။ ဒီပွဲတော်မှာ အစားအသောက်တွေအပြင် တိုက်ရိုက်ထုတ်လွှင့်တဲ့ ဖျော်ဖြေရေး အစီအစဉ်တွေနဲ့ အချက်အပြုတ် ပြိုင်ပွဲတွေလည်း ပါပါတယ်။ လုပ်အားပေးတွေက တည်ခင်းတဲ့ဒီပွဲဟာ ကမ္ဘာ့အကြီးဆုံး နွေရာသီ အစားအသောက် ပွဲတော်လို့ သူတို့ကိုယ်သူတို့ ရည်ညွှန်း ဖော်ပြပါတယ်။ ခရစ်စမတ်ဟီးလ် ပန်းခြံထဲမှာ ကျင်းပတဲ့ ဒီပွဲတော်ကို ဘယ်လိုလက်နက်မျိုးမှ ယူလာလို့ မရအောင် တားမြစ်ပိတ်ပင်ထားတယ်လို့ ပွဲတော်ရဲ့ အင်တာနက် စာမျက်နှာက ဖော်ပြထားပါတယ်။
2 years Ago

နယူးယောက်နှင့် ကယ်လီဖိုးနီးယားတွင် ပစ်ခတ်မှုများဖြစ်၊ ၁ ဦးထက်မနည်း သေဆုံး

အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်နဲ့ ကယ်လီဖိုးနီးယား ပြည်နယ်တွေအတွင်း ဇူလိုင် ၂၈ ရက်က ပစ်ခတ်မှုတွေကြောင့် လူသေဆုံး ဒဏ်ရာရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ နယူးယောက်ပြည်နယ် နယူးယောက်မြို့ ကလေးကစားကွင်းနားမှာ ညဥ့်နက်ချိန် ပစ်ခတ်မှုကြောင့် လူတယောက်ထက်မနည်း သေဆုံးပြီး ၁၂ ယောက် ဒဏ်ရာရတယ်လို့ အမေရိကန် မီဒီယာ အတော်များများက တနင်္ဂနွေမနက်မှာ ထုတ်ပြန်ပါတယ်။ လူ ၆ ယောက်ကို ဆေးရုံတင်ထားရပြီး တချို့က အသည်းအသန် အခြေအနေမှာ ရှိနေတယ်လို့ သတင်းဌာနတွေက ဖော်ပြကြပါတယ်။ ဘရွတ်ကလင်းနယ်မြေ ဘရောင်းစ်ဗယ်လီရပ်ကွက်မှာ နှစ်စဉ်ကျင်းပနေကျ "Oldtimers Day Celebration" မိတ်ဆုံစားပွဲ ကျင်းပတဲ့နေရာမှာ ပစ်ခတ်ခဲ့တာလို့ NBC သတင်းဌာနက ကြေညာပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် စန်ဟိုဆေးမြို့ တောင်ဘက်က ၃ ရက်ကြာကျင်းပတဲ့ အစားအသောက် ပွဲတော်တခုမှာ ပစ်ခတ်မှုကြောင့် ရဲတွေနဲ့ လူနာတင်ယာဉ်တွေ ရောက်လာပြီး ကယ်ဆယ်ရေး လုပ်ဆောင်ခဲ့ပါတယ်။ ပစ်ခတ်နေချိန်မှာ လူတွေ အကာအကွယ်ရဖို့ ပြေးလွှားနေတဲ့ ရုပ်သံတွေလည်း လူမှုကွန်ရက် မီဒီယာတွေပေါ် ပျံ့နှံ့နေပါတယ်။ သေဆုံး ဒဏ်ရာရသူတွေ ရှိတယ်လို့ ရဲတပ်ဖွဲ့ ပြောခွင့်ရက ပြောပေမယ့် အသေးစိတ် အချက်အလက်တွေတော့ မသိရသေးပါဘူး။ ဂီလ်ရွိုင် ကြက်သွန်ဖြူပွဲတော်မှာ ပစ်ခတ်မှုအပြီး လူ ၁၁ ယောက် ကျည်ထိမှန်ခဲ့တယ်လို့ လူနာတင်ယာဉ် ဝန်ထမ်းတွေကို ကိုးကားပြီး NBC သတင်းဌာနက ပြောပါတယ်။ ဒီပွဲတော်မှာ အစားအသောက်တွေအပြင် တိုက်ရိုက်ထုတ်လွှင့်တဲ့ ဖျော်ဖြေရေး အစီအစဉ်တွေနဲ့ အချက်အပြုတ် ပြိုင်ပွဲတွေလည်း ပါပါတယ်။ လုပ်အားပေးတွေက တည်ခင်းတဲ့ ဒီပွဲဟာ ကမ္ဘာ့အကြီးဆုံး နွေရာသီ အစားအသောက် ပွဲတော်လို့ သူတို့ကိုယ်သူတို့ ရည်ညွှန်း ဖော်ပြပါတယ်။ ခရစ်စမတ်ဟီးလ် ပန်းခြံထဲမှာ ကျင်းပတဲ့ ဒီပွဲတော်ကို ဘယ်လိုလက်နက်မျိုးမှ ယူလာလို့ မရအောင် တားမြစ်ပိတ်ပင်ထားတယ်လို့ ပွဲတော်ရဲ့ အင်တာနက်စာမျက်နှာက ဖော်ပြထားပါတယ်။
2 years Ago

June 5, 2019

ဖလော်ရီဒါ အထက်တန်းကျောင်း သေနတ်ပစ်ခတ်မှုတွင် တာဝန်ပျက်ကွက်သည့် ရဲဝန်ထမ်းဟောင်းအား ဖမ်းဆီး

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှာ မနှစ်က လူ ၁၇ ယောက် သေဆုံးခဲ့တဲ့ ပါ့ခ်လန်းဒ်မြို့ မာဂျော်ရီစတုန်းမန်း ဒေါက်ကလပ်စ် အထက်တန်းကျောင်း သေနတ်ပစ်ခတ်မှုမှာ  တာဝန်ပျက်ကွက်မှုနဲ့ ဖလော်ရီဒါ ရဲဝန်ထမ်းဟောင်းကို ဇွန်လ ၄ ရက်နေ့က ဖမ်းဆီးလိုက်ပါတယ်။ ဖမ်းဆီးခံရတဲ့ အသက် ၅၆ နှစ်အရွယ် ရဲဝန်ထမ်းဟောင်း စကော့ပီတာဆင်ဟာ ပေါ့လျော့မှု ၇ မှု၊ တာဝန်ပျက်ကွက်မှု ၃ မှု၊ မုသားထွက်ဆိုမှု ၁ မှုနဲ့ ရင်ဆိုင်နေရတယ်လို့ ဘလိုးဝေါ့ပြည်နယ် ရှေ့နေတဦးက ဆိုပါတယ်။ ပါ့ခ်လန်း ကျောင်းသားကျောင်းသူ ၁၇ ယောက် သေဆုံးချိန်မှာ လုံခြုံရေးတာဝန်ကျ ပီတာဆင်ဟာ ကျောင်းပြင်ပမှာ ရှိနေတယ်လို့ ၂၇ မိနစ်ကြာမြင့်တဲ့ စောင့်ကြည့်ကင်မရာ မှတ်တမ်းက ဖော်ပြပါတယ်။ အဲဒီဗွီဒီယိုကို သေနတ်ပစ်ခတ်မှုဖြစ်ပြီး တလအကြာ ထုတ်လွှင့်ခဲ့ပြီး ဘလိုးဝေါ့ကောင်တီ ရဲတပ်ဖွဲ့ အကြီးအကဲက ပီတာဆင်နဲ့ နောက်ရဲဝန်ထမ်းတဦးဖြစ်တဲ့ ဘရိုင်ယန်မီလာတို့ကို လူအစုလိုက် သတ်ဖြတ်မှုအား တားဆီးဖို့ ပျက်ကွက်မှုနဲ့ ရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။ ဖလော်ရီဒါပြည်နယ်၊ ပါ့ခ်လန်းဒ်မြို့က မာဂျော်ရီစတုန်းမန်း ဒေါက်ကလပ်စ် အထက်တန်းကျောင်းမှာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့က သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ကျောင်းသားတွေနဲ့ ဝန်ထမ်း စုစုပေါင်း ၁၇ ဦး သေဆုံးခဲ့ပါတယ်။
3 years Ago

သြစတြေးလျ ဒါဝင်မြို့ နေရာ ၅ ခုတွင် သေနတ်ပစ်ခတ်မှုဖြစ်၊ ၄ ဦးသေဆုံး

သြစတြေးလျမြောက်ပိုင်း ဒါဝင်မြို့ နေရာ ၅ ခုမှာ သေနတ်ပစ်ခတ်မှု ဖြစ်ပြီးနောက် လူ ၄ ယောက် သေဆုံးပြီး တယောက် ဒဏ်ရာရတယ်လို့ အာဏာပိုင်တွေက ဇွန်လ ၄ ရက်နေ့မှာ ပြောပါတယ်။ ဒီပစ်ခတ်မှုဟာ သြစတြေးလျရဲ့ အဆိုးရွားဆုံး အကြမ်းဖက်မှုတွေထဲက တခုဖြစ်ပြီး သေနတ်သမားကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ သေနတ်သမားဟာ ရဲကသိထားသူဖြစ်ပြီး တယောက်တည်း လုပ်ဆောင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူက ဆိုပါတယ်။ ပထမဆုံး သေနတ်ပစ်တဲ့ သတင်းရပြီး တနာရီအတွင်း သူ့ကို ထိန်းသိမ်းခဲ့တာပါ။ သူဟာ ဇန်နဝါရီလကတည်းက ခံဝန်နဲ့လွှတ်ထားသူ ဖြစ်ပါတယ်။ သေနတ်သမားဟာ ပစ္စတိုသုံးခဲ့တယ်လို့ ယုံကြည်ရပေမယ့် စုံစမ်းရေး ဆက်လုပ်နေတယ်လို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူက ဆက်ပြောပါတယ်။ သြစတြေးလျဟာ ကမ္ဘာမှာ သေနတ်ကိုင်ဆောင်မှု အတင်းကျပ်ဆုံး နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။ ၁၉၉၆ ခုနှစ်က တက်စ်မေးနီးယားကျွန်း ပို့တ်အာသာမှာ သေနတ်သမားတဦး ပစ်ခတ်မှုကြောင့် လူ ၃၅ ယောက် သေဆုံးပြီးနောက်မှာ သေနတ်ကိုင်ဆောင်မှု တင်းကျပ်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းခဲ့ပါတယ်။
3 years Ago
More News
Up