သေနတ်တချို့ တာချီလိတ်၌ ဖမ်းမိ

August 9, 2017

စိတ်ကြွဆေး သန်း ၃၀ ကျော်၊ ဘိန်းဖြူများနှင့် သေနတ်တချို့ တာချီလိတ်၌ ဖမ်းမိ

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်၊ မိုင်းဟဲ (အောက်)ကျေးရွာအုပ်စုထဲက ကျဆီးကျေးရွာက နေအိမ်တအိမ်မှာ စိတ်ကြွဆေးပြားအပြား သန်း ၃၀ ကျော် အပါအ၀င် ဘိန်းဖြူ ဘလောက်တုံးနဲ့ လက်နက်တွေကို သြဂုတ် ၈ ရက်နေ့မှာ တာချီလိတ်မူးယစ်တပ်ဖွဲ့က ဖမ်းဆီး ရမိတယ်လို့ သိရပါတယ်။ တာချီလိတ်မြို့မရဲစခန်းက တာဝန်ရှိသူတဦးက "မူးယစ်ဆေးဝါးတွေ သိုလှောင်ထားတယ်လို့ သတင်းအရ ဖမ်းဆီးရမိခဲ့တာပါ။ ဖမ်းဆီးရမိတဲ့ စိတ်ကြွဆေးပြားတွေကိုတော့ ရေတွက်ဆဲ ဖြစ်ပါတယ်။ စိတ်ကြွဆေးပြားကတော့ ဆာလာအိတ် ၈၅ အိတ်၊ ဘိန်းဖြူဘလောက်တုံး ၂၄ တုံးအပြင် ကဖင်းတွေလည်း ပါပါတယ်။ စိတ်ကြွဆေးပြားတွေကတော့ ခန့်မှန်းခြေ အပြားသန်း ၃၀ လောက်ရှိမယ်ထင်တယ်။ စိတ်ကြွဆေးပြားလုပ်တဲ့ စက်ပစ္စည်းတွေလည်းပါပါတယ်"လို့ ပြောပါတယ်။ မူးယစ်ဆေးဝါးတွေနဲ့အတူ အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၃ ဦး စုစုပေါင်း ၄ ဦးဖမ်းဆီးမိခဲ့တာဖြစ်ပြီး ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကတော့ စိတ်ကြွဆေးပြား ဆာလာအိတ် ၈၅ အိတ်၊ ဘိန်းဖြူ ဘလောက်တုံး ၂၄ တုံး၊ ကဖင်း ၅ အိတ်အပါအ၀င် အက်တက်စီဆေးပြား၊ ပွိုင့် ၂၂ တစ်လုံးထိုး ၂ လက်၊ ရီမင်တန်တစ်လုံးထိုး ၁ လက်နဲ့ Vigo Hilux (၃) စီးအပါအ၀င် စိတ်ကြွဆေးပြား ပြုလုပ်တဲ့ စက်ပစ္စည်းတွေလည်း ပါတယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။ မူးယစ်ဆေးဝါးဖမ်းဆီးရာမှာ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ထိန်ဝင်းဦးစီးခဲ့တာဖြစ်ပြီး တာချီလိတ်မူးယစ်တပ်ဖွဲ့စု ၃၀ အပါအ၀င် ပူးပေါင်းအဖွဲ့တွေနဲ့ ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို ရေတွက်ဆဲဖြစ်ကာ တာချီလိတ်မြို့မရဲစခန်းမှာ အမှုဖွင့်လှစ်ဖို့အတွက် ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။ သတင်း - ကိုဇက် (တာချီလိတ်)
4 years Ago
Up