သေဒဏ်ကျမြန်မာလူငယ် ၂ ဦး လွတ်မြောက်ရေး ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံစာပေးပို့

A d v e r t i s e m e n t With Us

March 10, 2016

သေဒဏ်ကျမြန်မာလူငယ် ၂ ဦး လွတ်မြောက်ရေး ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံစာပေးပို့

ထိုင်းနိုင်ငံတောင်ပိုင်း ခိုတောင်ကျွန်း ခေါ် လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသည် ၂ ဦး အသတ်ခံရတဲ့အမှုနဲ့ ပတ်သက်ပြီး သေဒဏ်အပြစ်ပေးခံထားရတဲ့ မြန်မာလူငယ် ၂ ဦး လွတ်မြောက်ဖို့ ရခိုင်လူမှုအဖွဲ့အစည်းတွေက ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံစာ ပေးပို့ခဲ့ကြပါတယ်။ ရခိုင်ပြည်နယ်သားဖြစ်တဲ့ ကိုဇော်လင်း နဲ့ ကိုဝင်းဇော်ထွန်းတို့ကို ထိုင်းတရားရုံးက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက သေဒဏ်အမိန့်ချမှတ်လိုက်တဲ့အမှုမှာ သံသယဖြစ်ဘွယ်တွေ အများကြီးနဲ့ လက်ခံနိုင်စရာ မရှိတာကြောင့် လူမှုအခြေပြုအဖွဲ့ပေါင်း ၆ ဖွဲ့က ပြည်သူပေါင်း ၁ သိန်းနီးပါးရဲ့ လက်မှတ်တွေ ကောက်ခံပြီး အသနားခံစာ ပေးပို့ခဲ့တယ်လို့ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်များ အစည်းအရုံးမှ ကိုခိုင်သူရိန်က ဒီဗွီဘီကို ပြောပါတယ်။ “လိပ်ကျွန်းလူသတ်မှုနဲ့ပတ်သက်ပြီး အမှုသွားအမှုလာတွေကို ကျနော်တို့က ပြန်သုံးသပ်တဲ့အခါမှာ သံသယဖြစ်စရာတွေ အများကြီးဖြစ်နေတယ်၊ အဲဒီလို စီရင်ချက်ချလိုက်တဲ့ အပေါ်မှာ ကျနော်တို့ရခိုင်ပြည်သူတရပ်လုံးအနေနဲ့ လက်ခံယုံကြည်လို့မရဘူး၊ ကျနော်တို့ လက်မ ခံနိုင်ဘူး၊ မယုံကြည်ဘူး။ ဒါကြောင့် သူတို့ ၂ ဦး အလုံးစုံလွတ်မြောက်ဖို့အတွက် ရခိုင်ပြည်နယ် ၁၅ မြို့နယ်နဲ့ ရန်ကုန်ရောက် ရခိုင်ပြည်သူတွေဆီကနေ လက်မှတ်ကောက်ခံတာ မနှစ် ဒီဇင်ဘာလကုန်ကနေ ဒီနှစ်ဇန်န၀ါရီ လကုန်ထိ ၁ လအတွင်း  ၉ သောင်း ၇ ထောင်ကျော်ရ တယ်။ အဲဒါကို မြန်မာနိုင်ငံမှာရှိတဲ့ ထိုင်းသံရုံးကနေ ထိုင်းဘုရင်မင်းမြတ်ဆီကို အသနားခံစာပို့ခဲ့ပါတယ်။ မိတ္တူကို ထိုင်းဝန်ကြီးချုပ်၊  မြန်မာနိုင်ငံသမ္မတရုံးနဲ့  ဗြိတိန်နိုင်ငံ သံရုံးကို ပေးပို့ခဲ့တယ်။” ထိုင်းဘုရင်မင်းမြတ်ထံကို  မတ်လ ၄ ရက်နေ့နဲ့ ဗြိတိန်သံရုံးကို မတ်လ ၇ ရက်နေ့တွေမှာ အသီးသီးပေးပို့ခဲ့ပြီး ထိုင်းဘက်က အကြောင်းပြန်ကြားချက် မရရှိသေးပေမယ့်လည်း  လူငယ် ၂ ဦး ထိုင်းတရားရုံးမှာ အယူခံဝင်မယ့်အပေါ် တစုံတရာ အကျိုးသက်ရောက်မှုရှိမယ်လို့ မျှော်လငိ့ကြောင်း သူကဆက်ပြောပါတယ်။ ပြည်သူများလက်မှတ်ကောက်ခံပြီး ထိုင်းဘုရင်ထံအသနားခံစာတင်တဲ့ လှုပ်ရှားမှုမှာ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး  AASYC၊ ရခိုင်အမျိုးသမီး သမဂ္ဂ-RWU၊ ရခိုင်အမျိုးသမီးများကွန်ရက် – RWN၊ ရခိုင်မျိုးဆက်သစ်အဖွဲ့- ARG၊ တက္ကသိုလ်ရ ခိုင်လူငယ်များအသင်း – AYAOU၊ ရခိုင်ကျောင်းသားများသမဂ္ဂ (ဒဂုံတက္ကသိုလ်-ရန်ကုန်) စတဲ့ အဖွဲ့ပေါင်း ၆ ဖွဲ့ပါဝင်ပါတယ်။ အလားတူ ရခိုင်သံယာတော်များ ထောင်ချီပါဝင်တဲ့ ရခိုင်သံဃာ့နိကာယအသင်းကလည်း ရခိုင်လူငယ် ၂ ဦး လွတ်မြောက်ရေးအတွက် ထိုင်းဘုရင်ကြီးထံအသနားခံစာတစ်စောင် ထပ်မံပို့ပေးခဲ့တယ်လို့ ဆိုပါတယ်။
5 years Ago
Up