တရုတ်နိုင်ငံအရှေ့ပိုင်းက တည်ဆောက်ဆဲ လျှပ်စစ်ဓာတ်အားပေးစက်ရုံ ပြိုကျခဲ့လို့ သေဆုံးသူ ၇၄ ဦး ရှိပြီလို့ အစိုးရမီဒီယာက သောကြာနေ့မှာ ကြေညာပါတယ်။
တရုတ်ဘေးကင်းမှု စုံစမ်းစစ်ဆေးရေးချုပ်လည်း စုံစမ်း စစ်ဆေးမှုကို ကြီးကြပ်ဖို့ ရောက်နေပြီလို့ ပြောပါတယ်။
တရုတ်နိုင်ငံတွင်း လုပ်ငန်းခွင်မှာ လူသေတဲ့ မတော်တဆမှုက ဖြစ်နေကျပါ။
စံချိန်စံညွှန်း လျော့မှုအပေါ် ဒေါသတွေ တိုးလာနေပါတယ်။ ဆယ်စုနှစ်ချီ စီးပွားရေး အမြန်တိုးလာတဲ့ တရုတ်နိုင်ငံမှာ သတ္တုတွင်း ကပ်ဘေးကနေ စက်ရုံ မီးဘေးထိ မတော်တဆမှု ပေါင်းစုံနဲ့ နာမည်ဆိုး ထွက်ခဲ့ပါတယ်။
ကြာသပတေးမနက်က ကျန်းရှီးပြည်န် ဖန်ချန်မြို့မှာ ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံအတွက် အအေးပေး မျှော်စင် ဆောက်နေတုန်း ပြိုကျခဲ့ပါတယ်။
သေဆုံးသူ ၇၄ ဦးထဲ က ၆၈ ဦးက ဘယ်သူဘယ်ဝါ ဆိုတာ ဖော်ထုတ် နိုင်ခဲ့ပြီလို့ ဆင်ဟွာ သတင်းဌာနက ပြောပါတယ်။
လုပ်ငန်းခွင် ဘေးကင်းရေး စီမံရေးရုံး အကြီးအကဲ ယန်ဟွမ်နင်းလည်း အခင်းဖြစ်ရာကို ရောက်လာပြီး သက်သေတွေကို စုဆောင်းတာနဲ့ စုံစမ်းစစ်ဆေးတာကို ကြီးကြပ်ခဲ့တယ်လို့ တရုတ် ပြည်သူ့နေ့စဉ် သတင်းစာက ပြောပါတယ်။
အဲဒီနောက် တရုတ် တနိုင်ငံလုံးက ဌာနတွေနဲ့ အရေးပေါ် အစည်းအဝေး ကျင်းပပြီး မမြင်ရတဲ့ အန္တရာယ်တွေကို အမြစ်ကနေ တူးထုတ်ဖို့ သင်ခန်းစာ ယူရေးနဲ့ ပြည်သူ ဘေးကင်းမှု သေချာစေရေး ဆွေးနွေး ခဲ့တယ်လို့ သတင်းစာက ပြောပါတယ်။
6 years Ago