သေဆုံးသူ

July 28, 2019

ရာသီတုပ်ကွေး H1N1 ကြောင့် သေဆုံးသူ ၇၈ ဦးရှိပြီ

မြန်မာတနိုင်ငံလုံးမှာ ရာသီတုပ်ကွေး H1N1 ရောဂါပိုးကြောင့် သေဆုံးသူဟာ ဇူလိုင် ၂၇ ရက်နေ့အထိ ၇၈  ယောက် ရှိလာပြီလို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။ ရန်ကုန်တိုင်းမှာ သေဆုံးသူတွေ အရေအတွက် အယောက် ၆၀ ရှိသွားပြီဖြစ်ကာ ဧရာဝတီတိုင်း ၅ ယောက်၊ ပဲခူးတိုင်း ၅ ယောက်၊ စစ်ကိုင်းတိုင်း ၂ ယောက် နဲ့ မွန်ပြည်နယ်မှာ ၃ ယောက်၊ ကချင်ပြည်နယ် ၁ ယောက်၊ မကွေးတိုင်း ၁ ယောက်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ၁ ယောက် ဖြစ်ပါတယ်။ တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ H1N1 ရောဂါပိုး သံသယလူနာ ၉၆၉ ဦး ရောဂါပိုး ကူးစက်ခံထားရသူ ၄၀၆ ဦး ရှိပါတယ်။ သံသယလူနာနဲ့ ကူးစက်ခံထားရသူ အရေအတွက်ဟာ တရက်ထက်တရက် တိုးလာတာကို ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ချင်းပြည်နယ် ရှမ်းပြည်နယ် အရှေ့ပိုင်းတို့ကလွဲပြီး ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာ အဲ့ရောဂါပိုးတွေ့ရှိရပြီး ပိုးတွေ့ရှိမှုနဲ့ သေဆုံးမှုအများဆုံးက ရန်ကုန်တိုင်း ဖြစ်ပါတယ်။ ရန်ကုန်လို လူဦးရေ ထူထပ်တဲ့နေရာမှာတော့ ရောဂါပိုးကူးစက်တာအများဆုံးရှိတဲ့ မြို့နယ်တွေက တောင်ဒဂုံ၊ လှိုင်သာယာနဲ့ သင်္ဃန်းကျွန်းမြို့နယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ရာသီတုပ်ကွေး H1N1 ဖြစ်ပွားတာတွေက နေ့စဉ် ကူးစက်သူဦးရေ မြင့်တက်နေပြီး သက်ကြီးရွယ်အို၊ ၅ နှစ်အောက်ကလေးတွေနဲ့ နာတာရှည်ရောဂါရှိသူတွေက ရောဂါပိုးကူးစက်ရင် ပိုမိုပြင်းထန်နိုင်လို့ ဂရုပြုသင့်ပါတယ်။ ရာသီတုပ်ကွေးရောဂါ လက္ခဏာတွေကတော့ ဖျားတာ၊ ချောင်းဆိုးတာ၊ လည်ချောင်းနာ နှာရည်ယိုတာနဲ့ ကိုယ်လက်နာကျင်ကိုက်ခဲပြီး ခေါင်းကိုက်တာ၊ ချမ်းတုန်ဖျားတာနဲ့ ကိုယ်လက် မအီမသာတွေ ဖြစ်လေ့ရှိပါတယ်။ ပြီးတော့ အော့အန်တာ၊ ဝမ်းလျှောတာတွေလည်း ဖြစ်တတ်ပြီး ရောဂါဝင်ရောက်ချိန်ကနေ ရောဂါလက္ခဏာ ပြမယ့်အချိန်က ၁ ရက်ကနေ ၅ ရက်အတွင်း ဖြစ်ပါတယ်။ တုပ်ကွေးရောဂါ မဖြစ်စေဖိုနဲ့ ကူးစက်တာကိုကာကွယ်ဖို့ လက်ဆေးတာ၊ နှာချေ၊ ချောင်းဆိုးရင်ပါးစပ်နဲ့ နှာခေါင်းကိုအုပ်ပြီးဆိုးတာ၊ လူထူထပ်တဲ့နေရာ အတတ်နိုင်ဆုံး ရှောင်ကြဉ်ဖို့နဲ့ ဖျားနာပြီး အသက်ရှူကြပ်ရင် ချက်ချင်း ဆေးရုံဆေးခန်းပြသဖို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက အကြံပြုထုတ်ပြန်ထားပါတယ်။
2 years Ago

July 5, 2019

H1N1 ကြောင့် သေဆုံးသူ ၂၉ ဦးထိရှိလာ 

မြန်မာနိုင်ငံမှာ ရာသီတုပ်ကွေးရောဂါ H1N1 ဖြစ်ပွားမှုကြောင့် ဇူလိုင် ၄ ရက်အထိ သေဆုံးသူ ၂၉ ဦးရှိပြီး ပိုးတွေ့သူ ၁၄၁ ဦးရှိတယ်လို့  ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲက ကြေညာထားပါတယ်။ သေဆုံးသွားသူတွေကတော့ ရန်ကုန်တိုင်းက ၂၃ ဦးနဲ့ အများဆုံးဖြစ်ပြီး ဧရာဝတီတိုင်းမှာ ၃ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှာ ၂ ဦးနဲ့ မွန်ပြည်နယ်ထဲမှာ  ၁ဦးတို့ ဖြစ်ကြပါတယ်။ ရန်ကုန်တိုင်းဒေသကြီးထဲက မြို့နယ်တွေထဲမှာတော့ လှိုင်သာယာနဲ့ ဒဂုံမြို့သစ် (မြောက်ပိုင်း)က သေဆုံးသူအများဆုံးဖြစ်ပါတယ်။ ရာသီတုပ်ကွေးရောဂါ လက္ခဏာတွေကတော့ ဖျားတာ၊ ချောင်းဆိုးတာ၊ လည်ချောင်းနာ နှာရည်ယိုတာနဲ့ ကိုယ်လက်နာကျင်ကိုက်ခဲပြီး ခေါင်းကိုက်တာ၊ ချမ်းတုန်ဖျားတာနဲ့ ကိုယ်လက်မအီမသာ ဖြစ်တာတွေရလေ့ရှိပါတယ်။ ဒါ့အပြင် အော့အန်ခြင်း၊ ၀မ်းလျောခြင်းစတဲ့ လက္ခဏာတွေလည်း တွေ့နိုင်ပြီး ရောဂါဝင်ရောက်ချိန်ကနေ ရောဂါလက္ခဏာ ပြမယ့်အချိန်က ၁ ရက်မှ ၅ ရက်အတွင်း ဖြစ်ပါတယ်။
2 years Ago
More News
Up