သေဆုံးသူ ၇၂ ဦးရှိပြီ

March 19, 2017

ပီရူးတွင် ရေကြီးမြေပြိုမှုများကြောင့် သေဆုံးသူ ၇၂ ဦးရှိပြီ (ရုပ်သံ)

လတ်တလော ပီရူးနိုင်ငံမှာ မိုးကြီးပြီး ရေကြီးရေလျှံမှုတွေ၊ မြေပြိုမှုတွေဖြစ်ပွားနေတာမှာ မတ် ၁၈ ရက်နေ့အထိ သေဆုံးသူ အနည်းဆုံး ၇၂ ဦး ရှိသွားပြီလို့ ပီရူးအာဏာပိုင်တွေက ပြောဆိုပါတယ်။ ဒီတကြိမ် နိုင်ငံတ၀က်လောက် ရေကြီးရေလျှံမှုတွေဖြစ်နေတာ နှစ်ပေါင်း ၃၀ နီးပါးအတွင်း အဆိုးဆုံးဖြစ်ပြီး မြို့ကြီး၊ မြို့ငယ် ၈၀၀ ကျော်မှာ အရေးပေါ် အခြေအနေလည်း ကြေညာထားပါတယ်။ လီမာမြို့တော်မှာတော့ ပြီးခဲ့တဲ့ တနင်္လာနေ့ကတည်းက သောက်ရေသုံးရေပြတ်လပ်နေပြီး လုပ်ငန်းကိုင်ငန်းတွေလည်း အခုပြန်ပြီးစတင်ဖို့ ကြိုးစားနေကြပါတယ်။ နိုင်ငံတ၀န်း ဥပဒေစိုးမိုးမှု ထိန်းသိမ်းဖို့အတွက် ရဲတပ်ဖွဲ့အင်အားနဲ့ မလုံလောက်တဲ့အတွက် ပီရူးစစ်တပ်ကိုပါ ပါဝင်အားဖြည့်ပေးထားပါတယ်။ နိုင်ငံတ၀န်း နေရာအများအပြားမှာ ရေနဲ့ အခြေခံစားသောက်ကုန်တွေ ပြတ်လပ်လာလို့ ကုန်ပစ္စည်းတိုင်းမှာ ဈေး ၅ ရာခိုင်နှုန်း  တက်လာတယ်လို့ ပီရူးအစိုးရကပြောဆိုပါတယ်။ အခုတော့ မိုးအပြင်းအထန် ရွာသွန်းတာ ရပ်သွားပြီဖြစ်ပေမယ့် ရာသီဥတုပုံမှန်ပြန်ဖြစ်လာဖို့ကတော့ သီတင်းပတ်နဲ့ချီ စောင့်ရဦးမယ်လို့ ပီရူးမိုးလေ၀သအေဂျင်စီတွေက သတိပေးထားပါတယ်။ ပြီးခဲ့တဲ့ လတွေအတွင်း ပီရူးနိုင်ငံနဲ့ ပစိဖိတ်နိုင်ငံတချို့မှာ အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ပင်လယ်ရေအပူချိန်မြင့်တက်၊ ရေငွေ့ပျံများပြီး မိုးကြီးရေလျှံမှုတွေ ဖြစ်နေတာပါ။ ပီရူးနိုင်ငံနဲ့ တောင်အမေရိကန်နိုင်ငံတွေမှာ အခုနှစ် အယ်နီညို ထူးထူးခြားခြားပြင်းထန်တယ်လို့လည်း ဆိုပါတယ်။
5 years Ago
Up