သေဆုံးသူ ၁၁၃ ဦးရှိပြီ

March 16, 2017

အီသီယိုးပီးယားနိုင်ငံ အမှိုက်ကျင်းပြိုကျမှု သေဆုံးသူ ၁၁၃ ဦးရှိပြီ

ပြီးခဲ့တဲ့တပတ်က အီသီယိုးပီးယားနိုင်ငံ၊ အဒစ်စ်အဘဘာမြို့တော်က အမှိုက်ကျင်း ပြိုကျမှုအတွင်း သေဆုံးသူ ၁၁၃ ဦးအထိ ရှိလာပြီလို့ ဒေသခံအာဏာပိုင်တွေက ဒီနေ့ ပြောပါတယ်။ ဒီအမှိုက်ကျင်းကြီး ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့ ပြိုကျခဲ့တုန်းက လူ ၁၅၀ လောက် အလုပ်လုပ်နေကြတာဖြစ်လို့ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကိုလည်း ဆက်လုပ်မယ်လို့ အာဏာပိုင်တွေက ပြောဆိုကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ဒီအမှိုက်ကျင်းကြီးဟာ လူဦးရေ ၄ သန်းကျော်ရှိတဲ့ မြို့တော်ကထွက်တဲ့ အမှိုက်တွေဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်ကတည်းက စွန့်ပစ်လာတဲ့ အမှိုက်ကျင်း ဖြစ်ပါတယ်။ သေဆုံးသူတွေရဲ့ အသုဘအခမ်းအနားတွေကိုလည်း ကျင်းပနေကြပြီး သေဆုံးခဲ့သူတွေအတွက် ဝမ်းနည်းပူဆွေးခြင်း ၃ ရက်ကိုလည်း အစိုးရက ကြေညာထားပါတယ်။ ဒီအမှိုက်ကျင်းကြီးနဲ့ တသက်လုံး မှီခိုအလုပ်လုပ်ခဲ့သူတွေလည်း ရှိခဲ့ကြပြီး အခုတော့ အဲ့ဒီမှာနေထိုင်တဲ့ လူ ၃၅၀ ကျော်မှာ အမှိုက်ကျင်းနားကနေ ပြောင်းရွှေ့သွားကြပြီ ဖြစ်ပါတယ်။ အမှိုက်ကျင်းအောက်က ယာယီတဲတွေပေါ် ပြိုကျခဲ့တာဖြစ်လို့ ရှာဖွေကယ်ဆယ်ရေး အဖွဲ့တွေက မြေကော်စက်တွေနဲ့ပါ ပြန်ဖော်ပြီး အလောင်းတွေကို ရှာဖွေနေကြရတာပါ။ အဲဒီအမှိုက်ကျင်းကြီးနားမှာ အာဖရိကရဲ့ အမှိုက်ကနေ စွမ်းအင်ထုတ်မယ့် ပထမဆုံးစက်ရုံကိုလည်း အာဏာပိုင်တွေက တည်ဆောက်နေကြတာပါ။
5 years Ago
Up