ဝေါလ်ကော့နှစ်ဂိုးသွင်းပြီး အာဆင်နယ်က ဘိတ်ဘိုရီဆော့ဗ်ကို အနိုင်ယူ

September 29, 2017

ဝေါလ်ကော့နှစ်ဂိုးသွင်းပြီး အာဆင်နယ်က ဘိတ်ဘိုရီဆော့ဗ်ကို အနိုင်ယူ (ရုပ်သံ)

ယူရိုပါလိဂ် အုပ်စု အိတ်ခ်ျ ဒုတိယပွဲစဉ်အဖြစ် ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်နဲ့ ဘယ်လာရုစ်ကလပ် ဘိတ်ဘိုရီဆော့ဗ်တို့ မနေ့ညက ယှဉ်ပြိုင်ရာ အာဆင်နယ်က ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ အာဆင်နယ်ဟာ ဒီရာသီ အသစ်ခေါ်ယူထားပြီး ခြေစွမ်းပြ ဂိုးတွေသွင်းပေးနေတဲ့ တိုက်စစ်မှူး လာကာဇက်တီကို အနားပေးခဲ့ပြီး ဂျရူးနဲ့ ဝေါလ်ကော့ တိုက်စစ်အတွဲနဲ့ ပွဲထွက်ခဲ့ပါတယ်။ ဒါ့အပြင် ခြေချောင်းရိုးကျိုး ဒဏ်ရာကြောင့် ကာလရှည် အနားယူနေရတဲ့ ကွင်းလယ်လူ ဝဲလ်ရှိုင်းယား ပြန်လည်ပါဝင်လာပြီး ခြေစွမ်းပြ ကစားခဲ့သလို ဒီပွဲအတွက် အကောင်းဆုံးကစားသမား အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ အာဆင်နယ်အတွက် ဝေါလ်ကော့က ပွဲချိန် ၉ မိနစ်နဲ့ ၂၂ မိနစ်မှာ နှစ်ဂိုးဆက်သွင်းပေးခဲ့ပြီး ၂၅ မိနစ်မှာ ရော့ဘ်ဟိုးလ်ဒင်းက တဂိုးသွင်းယူပေးခဲ့ပါတယ်။ ပွဲချိန် ၂၈ မိနစ်မှာ ဘိတ်ဘိုရီဆော့ဗ်အတွက် မာကို အိုင်ဗန်နစ်က ချေပဂိုးတဂိုး ပြန်သွင်းခဲ့လို့ ပထမပိုင်းအပြီးမှာ အာဆင်နယ်က ၃ ဂိုး ၁ ဂိုးနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ အာဆင်နယ်ဟာ အဝေးကွင်းမှာ ယှဉ်ပြိုင်ရပေမယ့် ဘောလုံးပိုင်ဆိုင်မှု အသာယူနိုင်ခဲ့ပြီး ဂိုးကန်သွင်းခွင့်မှာတော့ မတိမ်းမယိမ်း ရှိခဲ့ပါတယ်။ အာဆင်နယ်အတွက် စတုတ္ထဂိုးကိုတော့ ပွဲချိန် ၄၉ မိနစ်မှာ တိုက်စစ်မှူး ဂျရူးက ပယ်နယ်တီမှတဆင့် သွင်းယူပေးခဲ့ပြီး ၆၇ မိနစ်မှာ ဘိုရီဆော့ဗ်က ချေပဂိုးတဂိုး ပြန်သွင်းခဲ့လို့ ပွဲအပြီးမှာ အာဆင်နယ် ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ အာဆင်နယ်ဟာ ယူရိုပါလိဂ် အဖွင့်ပွဲနှစ်ပွဲစလုံး အနိုင်ရထားတဲ့အတွက် ရမှတ် ၆ မှတ်နဲ့ အုပ်စုကို ဦးဆောင်ထားနိုင်ပြီး ဘိုရီဆော့ဗ်ကတော့ ရမှတ် ၁ မှတ်နဲ့ အုပ်စု တတိယနေရာမှာ ရပ်တည်နေပါတယ်။
4 years Ago
Up