ဝေလငါးအသေ

March 26, 2019

အမေရိကန်တွင် ပေ ၄၀ အလျားရှိ ဝေလငါးအသေတကောင် သောင်တင်

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် မာလီဘူးကမ်းခြေမှာ သေဆုံးနေတဲ့ မီးခိုရောင် ဝေလငါးကြီးတကောင် မတ်လ ၂၄ ရက်နေ့က သောင်တင်နေပါတယ်။ ဝေလငါးအသေကောင်ကို လာကြည့်သူတွေလည်း ကမ်းခြေကို ရောက်လာကြပါတယ်။ အဲဒီဝေလငါးဟာ ပေ ၄၀ အလျားရှိပြီး သေဆုံးရတဲ့ အကြောင်းရင်းကို ရှာဖွေဖို့ ခွဲစိတ် စစ်ဆေးသွားမယ်လို့ ကယ်လီဖိုးနီးယားအခြေစိုက် ရေသတ္တဝါနဲ့ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့တဖွဲ့က ပြောပါတယ်။ မီးခိုးရောင် ဝေလငါးတွေဟာ ပုံမှန်အားဖြင့် နှစ်စဉ် မတ်လကနေ မေလအထိ ကယ်လီဖိုးနီးယား ကမ်းရိုးတန်း ရေပြင်တလျှောက် လာရောက် ရွှေ့ပြောင်းကျက်စားလေ့ ရှိကြပါတယ်။
3 years Ago

March 20, 2019

ဖိလစ်ပိုင်တွင် ဝေလငါးအသေ၏ အစာအိမ်ထဲမှ အလေးချိန် ၈၈ ပေါင်ရှိ ပလတ်စတစ်များ တွေ့

ဖိလစ်ပိုင်နိုင်ငံမှာ မတ်လ ၁၆ ရက်နေ့က ဝေလငါးအသေတကောင်ရဲ့ အစာအိမ်ထဲကနေ အလေးချိန် ၈၈ ပေါင်ရှိတဲ့ ပလတ်စတစ်တွေ တွေ့ခဲ့ပါတယ်။ အဲဒီဖြစ်ရပ်က ဖိလစ်ပိုင်နိုင်ငံမှာ ပလတ်စတစ်ညစ်ညမ်းခြင်း အကျိုးဆက်ရဲ့ သက်ရောက်မှုကို မီးမောင်းထိုးပြနေပါတယ်။ နိုင်ငံတောင်ပိုင်း မင်ဒါနာအိုကျွန်း ဒါဗာအိုမြို့ကနေ ၂၅ မိုင်ဝေးတဲ့ ကမ်းခြေမှာ ရေဓာတ်ကုန်ခန်းနေပြီး ပိန်လှီနေတဲ့ ဝေလငါးတကောင်ကို တွေ့ခဲ့ရပါတယ်။ အဲဒီဝေလငါးဟာ မသေခင် သွေးတွေအန်ထုတ်ခဲ့တယ်လို့ ရေသတ္တဝါဆိုင်ရာ ဇီဝဗေဒ ပညာရှင် ဒဲရယ်လ် ဘတ်လ်ခ်ျလီက ပြောပါတယ်။ ကမ္ဘာ့ပင်လယ်သမုဒ္ဒရာထဲမှာ ပလတ်စတစ်ညစ်ညမ်းမှုရဲ့ ၆၀ ရာခိုင်နှုန်းက တရုတ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ထိုင်း စတဲ့ အာရှငါးနိုင်ငံက ထွက်တာလို့ ၂၀၁၅ သမုဒ္ဒရာထိန်းသိမ်းရေး အစီရင်ခံစာက ဖော်ပြပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်က ဖိလစ်ပိုင်ဝန်းကျင်နားက ပင်လယ်ပြင်တွေမှာ ဝေလငါး ၆၁ ကောင်တွေ့ရပြီး ငါးဖမ်းပိုက်တွေ၊ ရေမြှုပ်မိုင်းခွဲ ငါးဖမ်းတာတွေနဲ့ ပလတ်စတစ် အမှိုက်တွေကြောင့် အဲဒီထဲက ၅၇ ကောင် သေဆုံးခဲ့တယ်လို့ ဘတ်လ်ခ်ျလီက ပြောပါတယ်။ ဖိလစ်ပိုင်အနေနဲ့ အခုချိန်မှာ ပြောင်းလဲသင့်ပြီ၊ ဒါမှမဟုတ်ရင် သဘာဝအရင်းအမြစ်တွေ ဘာမှ ကျန်တော့မှာ မဟုတ်ဘူးလို့လည်း သူက သတိပေးခဲ့ပါတယ်။
3 years Ago
Up