ဝေလငါးဝမ်းဗိုက်

June 3, 2018

သေဆုံးခဲ့သည့် ဝေလငါးဝမ်းဗိုက်အတွင်းမှ ပလတ်စတစ်အိတ်ပေါင်း ၈၀ ကျော်တွေ့ရှိ

ပလတ်စတစ်အိတ် ၈၀ ကျော်ကို မျိုချမိမှုကြောင့် ဝေလငါးတစ်ကောင် သေဆုံးသွားခဲ့တယ်လို့ The Guardian သတင်းဌာနက ဖော်ပြပါတယ်။ သေဆုံးသွားတဲ့ ဝေလငါးပေါက်လေးဟာ မလေးရှားနယ်စပ်အနီးမှာ ရှိတဲ့ ထိုင်းကမ်းခြေတခုမှာ သောင်တင်နေခဲ့တာဖြစ်ပြီး သူ့ကို စတွေ့ချိန်ကတည်းက အသက်မျှင်းမျှင်းလေးသာ ရှိတော့တယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။ ကယ်ဆယ်ရေး ဝန်ထမ်းတွေက ဝေလငါးလေးရဲ့ အသက်ကို ကယ်တင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ကြောင်း၊ ရင်ခွဲစစ်ဆေးမှုပြုလုပ်စဉ် ဝေလငါးရဲ့ အစာအိမ် အတွင်း ၈ ကီလိုဂရမ်အလေးချိန်ရှိတဲ့ ပလတ်စတစ်အိတ်ပေါင်း ၈၀ ကျော်ကိုတွေ့ခဲ့ရကြောင်း ထိုင်းကမ်းရိုးတန်းဌာနက ပြောပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်မှာ ငါးပါးစပ်ထဲက ပလတ်စတစ်အိတ် ၅ လုံးနီးပါး အန်ထွက်ခဲ့တယ်လို့လည်း သိရပါတယ်။ “အစားအိမ်ထဲရောက်နေတဲ့ ပလတ်စတစ်အိတ်တွေကြောင့်  ဝေလငါးဟာ အဟာရဖြစ်မယ့် တခြားအစားအစာကို မစားနိုင်တော့တာပါ” လို့ ပင်လယ်ဆိုင်ရာ သတ္တဗေဒ ပညာရှင် သွန်းက ပြောပါတယ်။ “ခင်ဗျားဗိုက်ထဲမှာ ပလတ်စတစ်အိတ်အလုံး ၈၀ လောက်ရှိနေတယ်ဆိုရင် ခင်ဗျားလည်း အသက်ရှင်ဖို့ ခက်ခဲပါလိမ့်မယ်” လို့ သူကဆက်လက်ပြောကြားပါတယ်။ ထိုင်းနိုင်ငံဟာ ပလတ်စတစ်အိတ်အသုံးပြုမှုအများဆုံး ကမ္ဘာ့နိုင်ငံတွေထဲကတခုဖြစ်ပြီး ပလတ်စတစ်အိတ်တွေကြောင့် ဝေလငါး၊ လင်းပိုင်နဲ့ ပင်လယ်လိပ်တွေအပါအဝင် ထိုင်းရေပိုက်နက်တွင်းက ရေနေသတ္တဝါ အနည်းဆုံး ကောင်ရေ ၃၀၀ လောက် နှစ်စဉ်သေဆုံးနေရပါတယ်။
4 years Ago
Up