ဝေလငါးမန်း

February 7, 2018

ရှားပါးဝေလငါးမန်းနှင့် ရေကူးခဲ့ကြသည့် ခရီးသွားဧည့်သည်များရုပ်သံ ဝေဖန်မှုမြင့်တက်

ထိုင်းနိုင်ငံမှာ မျိုးတုံးပျောက်ကွယ်တော့မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ရှားပါး ဝေလငါးမန်းတကောင်နဲ့ ထိတွေ့ကစားပြီး ရေကူးခဲ့ကြတဲ့ နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေရဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ အွန်လိုင်းပေါ်မှာ ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ကို Sunshine Sketcher အမည်နဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် အင်တာနက် စာမျက်နှာပေါ်ကတဆင့် မျှဝေထားခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၃ သောင်း ၄ ထောင်လောက် ရှိခဲ့ပြီ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ဟာ ဖန်ငခရိုင်ထဲမှာ ဖြစ်ခဲ့တာဖြစ်ပြီး ခရီးသွားဧည့်သည်တွေဟာ ရေထဲမှာ ဝေလငါးမန်းကို ထိတွေ့ကိုင်တွယ်ပြီး ရေဆော့ကစားနေခဲ့ကြတာကို တွေ့ရပါတယ်။ ထိုင်းနိုင်ငံ အဏ္ဏဝါဗေဒနဲ့ ကမ်းရိုးတန်း အရင်းအမြစ်ဌာနကတော့ ဒီရှားပါး ဝေလငါးမန်းတွေဟာ မျိုးတုံးပျောက်ကွယ်တော့မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့အတွက် ထိန်းသိမ်းထားရှိပြီး ထိတွေ့ကိုင်တွယ်တာမျိုး မလုပ်ကြဖို့ တားမြစ်ထားတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ ဝေဖန်မှုတွေ မြင့်တက်နေပြီး အင်တာနက် အသုံးပြုသူတွေကြားမှာ လူပြောများနေခဲ့တာ ဖြစ်ပါတယ်။ ရုပ်သံ - Sunshine Sketcher Facebook
4 years Ago
Up