ဝေဖန်ခံနေရ

May 12, 2018

ကလေးအနှိပ်ပညာရှင် ကလေးကို နှိပ်ပေးနေသည့်ရုပ်သံ ဝေဖန်ခံနေရ

ကလေးအနှိပ်ပညာရှင်က ကလေးငယ်ကို နှိပ်ပေးနေချိန်အတွင်း ကလေးကို ဦးခေါင်းကနေ ပြောင်းပြန်လှန်လိုက်လွှဲတဲ့ ရုပ်သံထွက်ပေါ်လာလို့ ဝေဖန်နေကြပါတယ်။ ရုပ်သံထဲမှာ အမျိုးသမီးတယောက်က ကလေးရဲ့ ခြေကျင်းဝတ်တွေကို လက်တွေကနေကိုင်ပြီး ပြောင်းပြန်လှန်ကာ လွှဲနေတာတွေ့ရပါတယ်။ ကလေးသေးသေးလေးက အဝတ်အရုပ်ကလေးတခုလို ပြောင်းပြန်လှန် ပစ်လွှဲခံနေရပြီး ကလေးရဲ့ ဦးခေါင်းကိုတောင် ညှစ်နေတာ တွေ့ရပါတယ်။ ရုပ်သံမပြတ်တောက်သွားခင်မှာ ကလေးက  မျက်နှာရှုံ့မဲ့ပြီး မသက်မသာ ဖြစ်နေပုံရတာကို တွေ့မြင်ရပါတယ်။ လူမှုကွန်ရက်ပေါ်မှာ တင်လိုက်တဲ့ ကလေးကိုနှိပ်ပေးနေတဲ့ ရုပ်သံ သုံးစွဲသူတွေကြား ပျံ့နှံပြီး ဝေဖန်ခဲ့ကြတာပါ။ ဒန်နီယယ်မာရီဆိုတဲ့ အမျိုးသမီးက “ရှင်ကလေးကို ဒီလို မကိုင်တွယ်သင့်ဘူး၊ ကလေးကို မလွှဲပါနဲ့၊ ကလေးတွေရဲ့ အရိုးက ကြီးထွားဆဲဖြစ်ပြီး ကျိုးလွယ်တယ်” လို့ ပြောသလို ကင်းစလေဆိုသူက “ကလေးကို နှိပ်စက်နေတယ်လို့ မြင်တယ်။ ကလေးတွေရဲ့အရိုးက အဲဒီလောက် မသန်မာသေးဘူး။ ဒါပေမယ့် သူက ကလေးကို ဒီလိုကြီး လွှဲနေတယ်” လို့ ပြောထားပါတယ်။ နောက်အမျိုးသမီးတဦးကလည်း ကလေးတွေကို လုပ်သမျှထဲမှာ အမိုက်မဲဆုံး လုပ်ရပ်ပဲလို့ ဝေဖန်ထားပါတယ်။ ကာဇက်စတန်နိုင်ငံ အယ်လ်မာတီမြို့က အသက် ၃၅ နှစ်အရွယ် ကလေးအနှိပ်ပညာရှင် လာရီစာအိုရန်ဘစာရိုဗ်နာကတော့ ဒီနှစ်အစောပိုင်းမှာ လုပ်ခဲ့တဲ့ ဒီနှိပ်နည်းက ကလေးတွေကို ကုသပေးတာလို့ ပြောပါတယ်။ လာရီစာက အသက်မွေးဝမ်းကျောင်း အောင်လတ်မှတ်ရထားတဲ့ အနှိပ်ပညာရှင် အလုပ်ကို ၁၁ နှစ် လုပ်ကိုင်ခဲ့ပြီး ကျောင်းသားတွေကိုတောင် သင်ကြားပေးခဲ့သူလို့ သိရပါတယ်။ “ကျမက ကလေးတွေကို ကူညီတာပါ။ ပြီးခဲ့တဲ့နှစ်တွေအတွင်း ကလေးတွေ အများကြီးအတွက် ကျမ အလုပ်လုပ်ခဲ့တယ်။ ကလေးအတော်များများက ခြေထောက်ခွင်နေတာနဲ့ လည်ပင်းလိမ်နေကြတဲ့ မသန်စွမ်းကလေးတွေပါ ကျမရဲ့အနှိပ်ပညာက သူတို့ကို ကုသပေးပြီး ကောင်းလာကြတယ်” လို့ သူမက ပြောပါတယ်။ ကလေးတွေကို နှိပ်ပေးရာမှာ ခန္ဓာကိုယ်ကို လွှဲပေး လိမ်ပေးတာက ၁၀ မိနစ်ကနေ ၁၅ မိနစ်အထိ ဖြစ်ပြီး လာရီစာရဲ့ အနှိပ်လုပ်ငန်းက ကာဇက်စတန်နိုင်ငံမှာ လူသိများပြီး မိဘတွေက တခါနှိပ်ရင် ၇ ပေါင်နဲ့ညီမျှတဲ့ ကာဇက်စတန်ငွေ ၃၀၀၀ ပေးရတယ်လို့ သိရပါတယ်။
3 years Ago
Up