လှေမှောက်

March 20, 2019

လစ်ဗျားကမ်းရိုးတန်း ပင်လယ်တွင် လှေတစီးတိမ်းမှောက်၊ ဒုက္ခသည် ၁၀ ဦးထက်မနည်း သေ

လစ်ဗျားနိုင်ငံအနောက်ဘက် ဆာဘရယ်သားမြို့အနီး လစ်ဗျားကမ်းရိုးတန်း ပင်လယ်ပြင်မှာ မတ်လ ၁၉ ရက်နေ့က လှေတစီးတိမ်းမှောက်ပြီး ဒုက္ခသည် ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ လစ်ဗျားလုံခြုံရေး တာဝန်ရှိသူတဦးက ပြောပါတယ်။ အဲဒီလှေပေါ်မှာ လိုက်ပါလာတဲ့ နောက်ထပ် ၁၈ ဦးကို ကယ်ဆယ်ခဲ့တယ်လို့ ဆာဘရယ်သား လုံခြုံရေးဌာနရဲ့ ပြောခွင့်ရတဦးက ပြောပါတယ်။ တရားမဝင် ရွှေ့ပြောင်းဒုက္ခသည် ၂၇ ဦး တင်ဆောင်လာတဲ့ အဲဒီလှေဟာ ဇယ်ဝါဒါမြို့ အနောက်ဘက် ကမ်းလွန်ပင်လယ်ပြင်ကနေ ထွက်လာတာလို့ အသက်ရှင်ကျန်ရစ်သူတဦးက ပြောပါတယ်။ လုံခြုံရေးဝန်ထမ်းတွေက လှေမှောက်တဲ့နေရာမှာ နောက်ထပ်လူတွေကို ဆက်ရှာနေကြပါတယ်။ အသက်ရှင်သူ ၁၅ ဦးကို ဆေးရုံပို့ခဲ့ပြီး လှေပေါ်မှာ လူဘယ်နှစ်ယောက် လိုက်သွားတယ်ဆိုတာ အတိအကျ မသိရသေးဘူးလို့ ကုလသမဂ္ဂ ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ အေဂျင်စီ (IOM) က ပြောပါတယ်။ ဆင်းရဲနွမ်းပါးပြီး စစ်ပွဲတွေကြောင့် မိခင်နိုင်ငံကနေ ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေဟာ လစ်ဗျားကမ်းရိုးတန်း ရေပြင်ကနေတဆင့် မြေထဲပင်လယ်ကို လှေစီးပြီး ဥရောပရောက်ဖို့ ကြိုးစားကြတာပါ။ အဲဒါကြောင့် လစ်ဗျားအနောက်ဘက် ကမ်းရိုးတန်းဒေသဟာ ဥရောပကိုရောက်ဖို့ အချက်အချာကျတဲ့ ထွက်ခွာရာနေရာတခု ဖြစ်လာပါတယ်။ ဒါပေမယ့် အီတလီနဲ့ ဥရောပသမဂ္ဂတို့က လစ်ဗျားကမ်းခြေစောင့်တပ်ဖွဲ့ကို အင်အားဖြည့် ထောက်ပံ့ပေးခဲ့ကတည်းက လှေစီးဒုက္ခသည် အရေအတွက် လျော့ကျခဲ့ပါတယ်။
3 years Ago
Up