လှောင်အိမ်တွင်းရှိချိန် ကျားဝင်ဆွဲခံရလို့

May 30, 2017

လှောင်အိမ်တွင်းရှိချိန် ကျားဝင်ဆွဲခံရလို့ တိရစ္ဆာန်ရုံ ဝန်ထမ်းအမျိုးသမီး သေဆုံး (ရုပ်သံ)

ဗြိတိန်နိုင်ငံမှာ တိရစ္ဆာန်ရုံဝန်ထမ်း အမျိုးသမီးတဦးဟာ လှောင်အိမ်တခုထဲမှာ ရှိနေချိန် ကျားတကောင်ဝင်လာပြီး ဆွဲခံခဲ့ရတဲ့အတွက် သေဆုံးသွားခဲ့ရတယ်လို့ ရဲတွေက အတည်ပြုပြောလိုက်ပါတယ်။ ဒီအဖြစ်အပျက်ဟာ ဗြိတိန်နိုင်ငံ ကိန်းဘရစ်ခ်ျမြို့အနီးက ဟန်မာတန် တိရစ္ဆာန်ဥယျာဉ်တွင်းမှာ မေလ ၂၉ ရက်နေ့က ဖြစ်ခဲ့တာပါ။ အသက် ၃၃ နှစ်အရွယ် ရိုဆာကင်းန်ကို ကျားတိုက်ခိုက်ခံနေရချိန်မှာ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက အသားတုံးတွေနဲ့ ကျားကို ပစ်ပေါက်ပြီး ကာကွယ်ပေးဖို့ ကြိုးစားခဲ့ကြတာကို တွေ့ခဲ့ရတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။ အဆိုပါ တိရစ္ဆာန်ဥယျာဉ်တွင်းကို သွားရောက်လည်ပတ်ခဲ့ကြသူတွေကြားမှာတော့ အဆိုပါကျားဟာ လှောင်အိမ်ထဲက လွတ်မြောက်သွားခဲ့တာဖြစ်တယ်ဆိုပြီး သတင်းတွေ ပျံ့နှံ့နေခဲ့တာပါ။ ဒီအဖြစ်အပျက် ဖြစ်ခဲ့ပြီးနောက်မှာတော့ လာရောက်လည်ပတ်ကြသူတွေကို ဥယျာဉ်တွင်းကနေ အမြန်ဆုံးထွက်သွားဖို့ သက်ဆိုင်ရာက တိုက်တွန်းခဲ့ကြတာပါ။ ၂၅ ဧကလောက် အကျယ်အ၀န်းပေါ်မှာ တည်ရှိတဲ့ အဲဒီတိရစ္ဆာန်ဥယျာဉ်ထဲမှာ ကျားတွေအပါအ၀င် တိရစ္ဆာန်ကောင်ရေပေါင်း ၅၀၀ နီးပါး ရှိနေခဲ့တာဖြစ်ပြီး  ၁၉၉၀ ပြည့်နှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ တိရစ္ဆာန်ဥယျာဉ်ကို ပိတ်ထားခဲ့ပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေတာပါ။
4 years Ago
Up