လှေနစ်မြုပ်

June 3, 2019

လစ်ဗျားကမ်းရိုးတန်းတွင် လှေတစီးနစ်မြုပ်၊ အနည်းဆုံး ၂ ဦးသေ၊ ၂၅ ဦးပျောက်ဆုံး

လစ်ဗျားနိုင်ငံ အနောက်ဘက် ကမ်းရိုးတန်းမှာ လေမှုတ်လှေတစီး နစ်မြုပ်ပြီး ရွှေ့ပြောင်းနေထိုင်သူ အနည်းဆုံးနှစ်ယောက် သေဆုံးကာ ၂၅ ယောက် ပျောက်နေတယ်လို့ ကမ်းရိုးတန်းစောင့်တပ်က ဇွန်လ ၂ ရက်မှာ ပြောပါတယ်။ မြို့တော် ထရီပိုလီရဲ့ အရှေ့ဘက် ကာရာဘူလီမြို့ ကမ်းခြေနဲ့ ၁၄ မိုင်အကွာမှာ ရွှေ့ပြောင်းနေထိုင်သူ စုစုပေါင်း ၇၃ ယောက်ကို ကမ်းရိုးတန်းစောင့်တပ်က ကယ်ခဲ့ရတာပါ။ ဆူဒန်၊ ကင်ညာ၊ အိုင်ဗရီကို့စ်နဲ့ နိုင်ဂျီးရီးယားနိုင်ငံတွေက အမျိုးသား ၄၀၊ အမျိုးသမီး ၂၅ ယောက်နဲ့ ကလေး ၈ ယောက်ဖြစ်တယ်လို့ ရိုက်တာသတင်းဌာနက ထုတ်ပြန်ပါတယ်။ ၂၀၁၁ လစ်ဗျားအာဏာရှင် မွမ်မာ ကဒါဖီကို ဖယ်ရှားအပြီး နိုင်ငံအတွင်း ပရမ်းပတာ အခြေအနေကို လူကုန်ကူးသူတွေက အခွင့်ကောင်းယူနေလို့ လစ်ဗျားနိုင်ငံ အနောက်ဘက် ကမ်းရိုးတန်းဟာ ရွှေ့ပြောင်းနေထိုင်သူတွေ ဥရောပကို ထွက်ခွာရာနေရာ ဖြစ်လာနေပါတယ်။
2 years Ago

January 23, 2019

အိန္ဒိယတွင် ဟိန္ဒူဘုရားဖူးများ တင်လာသည့် ရေယာဉ် နစ်မြုပ်၊ အနည်းဆုံး ၈ ဦး သေဆုံး

အိန္ဒိယနိုင်ငံ တောင်ပိုင်း ခါနာတာကာပြည်နယ်မှာ ဟိန္ဒူဘုရားဖူးတွေကို တင်ဆောင်လာတဲ့ လှေတစီး ဇန်နဝါရီ ၂၂ ရက်က နစ်မြုပ်ခဲ့လို့ လူ ၈ ဦးထက်မနည်း သေဆုံးပြီး အများအပြား ပျောက်ဆုံးနေတယ်လို့ AFP သတင်းဌာနက ထုတ်ပြန်ပါတယ်။ လှေဟာ ဘုရားပွဲကပြန်လာတဲ့ လူအယောက် ၃၀ လောက်ကို တင်လာတယ်လို့ ယူဆရပါတယ်။ ခရိုင်ရဲမှူး ဗီနာယက်ခ်ပတေးက "ရေစီးကြမ်းလို့ တိမ်းမှောက်ခဲ့တာပါ။ လူ ၁၈ ယောက်ကို ကယ်နိုင်ခဲ့တယ်၊ ၅ ယောက် ၆ ယောက်လောက် ပျောက်နေတုန်းပဲ" လို့ ပြောပါတယ်။ ထောင်နဲ့ချီတဲ့ ဘုရားဖူးတွေဟာ နှစ်စဉ် ဘုရားကျောင်းက ပွဲတော်ဆီသွားဖို့ ပင်လယ်ပြင်ကို ဖြတ်ကူးကြတယ်လို့ ပတေးက ပြောပါတယ်။ ကာဝါမြို့နားက အာရေဗျပင်လယ်ထဲမှာ ရှာဖွေကယ်ဆယ်ရေး လုပ်နေတယ်လို့ ရေတပ် ပြောခွင့်ရက ပြောပါတယ်။ သေဆုံးသူအရေအတွက်ကို သူက အတည်ပြုပေမယ့် လူတယောက်ပဲ ပျောက်တယ်လို့ ယုံကြောင်း ပြောပါတယ်။ အသက်ရှင်တဲ့လူတွေကို ကယ်ဖို့ ရှာဖွေရေးအတွက် ရေတပ် ရဟတ်ယာဉ်တွေနဲ့ စပိဘုတ် မြန်နှုန်းမြင့်လှေတွေကို တာဝန်ချထားပါတယ်။ အိန္ဒိယနိုင်ငံမှာ လူတွေ မတန်တဆ တင်ဆောင်တာနဲ့ ပြုပြင်ထိန်းသိမ်းမှု ညံ့ဖျင်းတာကြောင့် မကြာခန လှေမှောက်လှေနစ် ဖြစ်ကြပါတယ်။
3 years Ago
More News
Up