လေပြင်းကြောင့် နှစ်ထပ်အဆောက်အအုံအပေါ်ပိုင်း ကြောက်မက်ဖွယ် လွင့်စဉ်

April 7, 2017

လေပြင်းကြောင့် နှစ်ထပ်အဆောက်အအုံအပေါ်ပိုင်း ကြောက်မက်ဖွယ် လွင့်စဉ် (ရုပ်သံ)

ရုရှားနိုင်ငံတောင်ဘက် အလယ်ပိုင်း နိုဗိုစီဘီ့စ်က်မြို့မှာ လေပြင်းတိုက်ခိုက်မှုကြောင့် အခြေအနေ ဆိုးရွားနေပြီး လူထောင်ပေါင်းများစွာ လျှပ်စစ်မီးမရ ဖြစ်နေတယ်လို့ မေရာရဲ့ ဧပြီ ၅ ရက်နေ့ သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ လေပြင်းတိုက်ခိုက်လို့ ၂ ထပ်အဆောက်အအုံအမိုးတခုလုံး စားပွဲခင်းတခုလို လွင့်စဉ်ထွက်သွားတာကို မျက်မြင်တယောက် ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်ထဲမှာ တွေ့ရပါတယ်။ ရုပ်သံကိုကြည့်ပြီး မှတ်ချက်ပေးသူတချို့က အံ့သြကြပေမယ့် တချို့က အဆောက်အအုံထဲက လူတွေကို မကူညီဘဲ အမိုးလွင့်တာကို ရုပ်သံရိုက်ကူးခဲ့လို့ ဝေဖန်နေကြတာပါ။ “အရေးပေါ်ကို ခေါ်ရမယ့်အစား ဘာလို့ ရုပ်သံရိုက်နေတာလဲ။ ဒီလိုလုပ်တာ အချိန်ကုန်ပြီး အရေးပေါ်ခေါ်တာမှ ပိုအသိဉာဏ်ရှိတဲ့လုပ်ရပ်” လို့ လီရှာကီကက်ရှ်လို့ အမည်ရသူတဦးက ပြောလိုက်ပြီး နောက်တဦးကလည်း “ဘယ်လောက်ဆိုးရွားတဲ့ လုပ်ရပ်လဲ၊ လူတွေ အကူအညီလိုနေမှာပေါ့” လို့ မှတ်ချက်ရေးထားပါတယ်။ အနီးအနားရွာတွေက အိမ်ရာပေါင်းများစွာလည်း လေပြင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် လျှပ်စစ်မီး ပြတ်တောက်နေပြီး အာဏာပိုင်တွေက လျှပ်စစ်ပြတ်တောက်မှု ခဏတာဖြစ်မယ်၊ အရင်လို လျှပ်စစ်မီး ပုံမှန်ပြန်ရဖို့ အမြန်ဆုံး အကောင်းဆုံးလုပ်နေတယ်လို့ ပြောပါတယ်။ လေပြင်းတိုက်ခတ်မှုကြောင့် နိုဗိုစီဘီ့စ်က်မြို့ထဲက ခရိုင် ၃ ခုမှာ လျှပ်စစ်မီး လုံးဝပြတ်တောက်နေပြီး လူပေါင်း ၃၆,၆၆၀၊ ဆေးရုံ ၅ ခု၊ ကျောင်း ၁၄ ကျောင်းနဲ့ ကလေးထိန်းကျောင်း ၆ ခု လျှပ်စစ်မီး ပြတ်တောက်နေတာပါ။ လေတိုက်နှုန်း ၁ စက္ကန့်ကို ၆၆ ပေနှုန်းနဲ့ တိုက်ခတ်ခဲ့တာလို့ ဒေသခံ မိုးလေဝသဌာနက ပြောပါတယ်။
4 years Ago
Up