လေပြင်းတိုက်

July 8, 2019

လပွတ္တာတွင် လေပြင်းကြောင့် စာသင်ကျောင်းနှင့် နေအိမ်အချို့ ပျက်စီးဆုံးရှုံး

ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်မှာ လေပြင်းတိုက်ခတ်တာကြောင့် စာသင်ကျောင်းတကျောင်းနဲ့ နေအိမ် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ လပွတ္တာမြို့နယ်၊ ကျွန်းကလေးကျေးရွာမှာ ဇူလိုင် ၇ ရက်နေ့ မနက် ၉ နာရီကျော်လောက်က လေပြင်းတိုက်ခတ်ခဲ့တာဖြစ်ပြီး အ.မ.က (ခွဲ) ကျောင်း ပြိုကျပျက်စီးခဲ့ပါတယ်။ ကျွန်းကလေးကျေးရွာ အ.မ.က (ခွဲ) ကျောင်းဆောင်မှာ အလျား ပေ ၄၀၊ အနံ ပေ ၃၀ ရှိ ဓနိမိုး၊ ထရံကာ အင်္ဂတေခင်း တထပ်ကျောင်းဆောင်ဖြစ်ပြီး ကျောင်းသားကျောင်းသူ ၂၅ ဦး ပညာသင်ကြားနေတာပါ။ လတ်တလောမှာ ကျောင်းသားကျောင်းသူတွေ ဆက်လက်ပညာသင်ကြားနိုင်ရေးအတွက် ကျွန်းကလေးကျေးရွာရှိ ရပ်မိရပ်ဖ ဦးခင်ဝေရဲ့ နေအိမ်မှာ ခေတ္တစီစဉ်ထားတယ်လို့ ဆိုပါတယ်။ အလားတူ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ မြွေဟောက်ကျေးရွာအုပ်စု၊ မြွေဟောက်ကျေးရွာမှာ ဇူလိုင် ၇ ရက်နေ့ မနက် ၁၁ နာရီ ၁၅ မိနစ်လောက်က လေပြင်းတိုက်ခတ်တာကြောင့် မြွေဟောက်ကျေးရွာရှိ နေအိမ် ၁ လုံး၊ လယ်တဲ ၂ လုံး၊ စပါးကျီ ၁ လုံးတို့ ပြိုကျပျက်စီးခဲ့ပါတယ်။ သိုလှောင်ထားတဲ့ ဆင်းသုခမျိုးစပါး ၄၃ တင်း၊ ပေါ်ဆန်းစပါး ၃၃ တင်း၊ ပုလဲတံဆိပ် ဓာတ်မြေသြဇာ ၂ အိတ်နဲ့ တီစူပါတံဆိပ် ဓာတ်မြေသြဇာ ၃ အိတ် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ စာသင်ကျောင်းနဲ့ နေအိမ်၊ မျိုးစပါးတွေ အပါအဝင် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ၇၆ သိန်းကျော်ဖိုး ရှိတယ်လို့ သိရပါတယ်။ သတင်း - ကျော်စိုးမိုး၊ ဓာတ်ပုံ - ဘိုဘို၊ ကျော်မင်းနိုင်  
2 years Ago

May 22, 2019

ဒီးမော့ဆိုမြို့နယ်တွင် လေပြင်းတိုက်ခတ်သဖြင့် နေအိမ် ၂၀၀ ခန့် ပျက်စီး

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာ မေလ ၂၁ ရက်က မိုးသက်လေပြင်း နှစ်ကြိမ် တိုက်ခတ်မှုကြောင့် လူနေအိမ် ၂၀၀ လောက် ပျက်စီးသွားပါတယ်။ မနေ့ မွန်းတည့် ၁၂ နာရီလောက်မှာ တကြိမ်၊ ညနေ ၄ နာရီမှာ တကြိမ် မိုးသက်လေပြင်း တိုက်ခတ်လို့ ဒီးမော့ဆိုမြို့နယ် အိုကကျေးရွာ၊ ဒေါဘူးကူး၊ နန်းမယ်ခုံ၊ လီဝိုး၊ ဝီသဲကူးတောင်ရွာ၊ အောင်သာယာ စတဲ့ရွာတွေက နေအိမ်တွေ ပျက်စီးသွားခဲ့တာပါ။ ဝီသဲကူးတောင်ရွာက နေအိမ် ၂၁ လုံး၊ အောင်သာယာကျေးရွာမှာ နေအိမ် ၂ လုံး၊ လီဝိုးကျေးရွာမှာ နေအိမ် ၄ လုံး အမိုးလန် ပျက်စီးသွားခဲ့သလို လီဝိုးစာသင်ကျောင်းတကျောင်း အမိုးလန် ပျက်စီးခဲ့ပါတယ်။ အိုကေကျေးရွာမှာတော့ နေအိမ် ၉၅ လုံး၊ ဒေါဘူးကူးကျေးရွာမှာ ၄ လုံး၊ လီဝိုးကျေးရွာမှာ ၇ လုံး၊ နန်းမယ်ခုံမှာ နေအိမ် ၃၉ လုံး အပါအဝင် ပျက်စီးတဲ့နေအိမ် စုစုပေါင်း ၁၄၅ လုံးရှိတယ်လို့ ဒီးမော့ဆိုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင်က ပြောပါတယ်။ လေဘေးသင့် ဝီသဲကူးနဲ့ လီဝိုးရွာက ဒေသခံတွေကိုတော့ မြို့နယ်အာဏာပိုင်အနေနဲ့ သွားရောက် ထောက်ပံ့ခဲ့ပါတယ်။ ဒီးမော့ဆိုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင်က “ဝီသဲကူးတောင်ရွာရယ်၊ လီဝိုးရယ် စုစုပေါင်း ၂၅ အိမ်ပေါ့လေ။ အဲဒါတော့ တခါတည်း ထောက်ပံ့ခဲ့တာပေါ့လေ။ အမိုးက တဝက်တပျက်လန်တာ ရှိတယ်ဗျာ။ သွပ်တွေလန်တာရှိတယ်။ ဓာတ်တိုင်တွေ ကြိုးတွေမှာ ကပ်သွားလို့ မီးခဏပျက်သွားတာ ရှိတယ်။ အိမ်တချို့ကျ ခေါင်တွေ အကုန်လန်သွားတာရှိတယ်။” ဒါ့အပြင် မြို့နယ်မီးသတ်တပ်ဖွဲ့က လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်သစ်ကိုင်း ကျိုးကျနေမှုတွေကို ရှင်းလင်းဆောင်ရွက်ပေးခဲ့ပါတယ်။
2 years Ago
More News
Up