အမေရိကန်နိုင်ငံ၊ ပဲန်ဆယ်လ်ဗေးနီးယားပြည်နယ်မှ ကျွမ်းဘားမယ်တဦးဟာ လေးနဲ့မြားကို ခြေထောက်အသုံးပြုပြီး ဇောက်ထိုးအနေအထားနဲ့ ပစ်ပြခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ လတ်တလော ရေပန်းစားနေပါတယ်။
ဘယ်လာဂန့်တ် အမည်ရတဲ့ အဆိုပါမိန်းကလေးဟာ သူ့ရဲ့ စွမ်းရည်ပြ ရုပ်သံဗွီဒီယိုဖိုင်ကို ဘိုဘယ်လာအမည်နဲ့ သူမရဲ့ အင်စတာဂရမ်နဲ့ ယူကျု အင်တာနက်စာမျက်နှာတွေပေါ်မှတဆင့် မျှဝေခဲ့တာပါ။
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ဘိုဘယ်လာဟာ လက်နှစ်ဘက်နဲ့ အောက်ခြေက တန်းတခုပေါ် ထောက်ထားပြီး ဇောက်ထိုးအနေအထားနဲ့ လေးနဲ့မြားကို ခြေထောက်အသုံးပြု ပစ်ပြခဲ့တာကို တွေ့ရပါတယ်။
ခြေထောက်တဘက်က လေးကို ညှပ်ကိုင်ထားကာ နောက်တဘက်က မြားတံကိုဆွဲပြီး ချိတ်တွဲထားတဲ့ ဘောလုံးတွေကို ထိမှန်အောင် ပစ်ပြခဲ့တာဖြစ်ပြီး တကြိမ်သာ လွဲချော်ခဲ့တာကို တွေ့ရပါတယ်။
ဘိုဘယ်လာဟာ သူ့ကိုယ်သူတော့ ကျွမ်းဘားမယ်နဲ့ ခြေထောက်နဲ့ပစ်ပြတဲ့ မြားပစ်မယ်တဦးအဖြစ် ဖော်ပြထားခဲ့တာပါ။
4 years Ago