Lethwei Nation Fight လေးနိုင်ငံ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို ဇွန်လ ၂၅ ရက်က သိမ်ဖြူရုံမှာ ကျင်းပခဲ့ပြီး မြန်မာဘက်က ၂ ပွဲနိုင်၊ ၂ ပွဲ သရေကျပြီး ၁ ပွဲ ရှုံးခဲ့ပါတယ်။
အဓိကစိန်ခေါ်ပွဲမှာ စောဂေါ်မူတိုက ထိုင်းက ဝီဂျစ် ခေါ် ဖရာ့စမွေနဲ့ ပူးတွဲသရေ ကျခဲ့ပါတယ်။
ဒီပွဲမှာ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဥဇဘက်ကစ္စတန်က လက်ဝှေ့သမားတွေ အပါအဝင် စုစုပေါင်းတွဲဆိုင်း ၇ ပွဲ ထိုးသတ်ခဲ့ပါတယ်။
ဥဇဘက်ကစ္စတန်က မွေထိုင်းလက်ဝှေ့ကျော် တိုလာဘေးနဲ့ စောမိုက်ရိုင်းတို့ပွဲမှာ အကြိတ်အနယ် ပွဲကောင်းဖြစ်ခဲ့ပြီး စတုတ္ထအချီမှာ စောမိုက်ရိုင်းက အလဲထိုးနဲ့ အနိုင်ရခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ မွေလက်ဝှေ့ထိုးနေတဲ့ ကရင်လေး ခေါ် ဖထော်ဝိတ်က ထိုင်းကစားသမား ဘွန်နမ်ကို ပထမအချီမှာပဲ အလဲထိုးနဲ့ အနိုင်ရခဲ့ပါတယ်။
မိုးဟိန်းနဲ့ လိုင်ဖေး ပွဲစဉ်မှာတော့ ကမ္ဘောဒီးယားနိုင်ငံသား လိုင်ဖေးက တတိယအချီမှာ အနိုင်ရခဲ့ပြီး ကြယ်စင်ဖြိုးနဲ့ ထိုင်းက ဒင်ပိုဆိုင်းတို့ပွဲမှာ ပူးတွဲသရေကျခဲ့ပါတယ်။
ပြည်တွင်းတွဲဆိုင်း ၂ ပွဲဖြစ်တဲ့ ဆလိုင်းချမ်းမြေ့ကိုနဲ့ ရဲရင့်သွေး၊ ဒေါင်းဖြူလေးနဲ့ ခွန်လင်းထက်တို့ ပွဲစဉ်မှာတော့ ပူးတွဲသရေ ရလဒ်တွေနဲ့ ပြီးဆုံးခဲ့ပါတယ်။
သတင်း၊ ဓာတ်ပုံ - လွှမ်းမိုးအောင်
6 years Ago