လေးပုံတပုံ

August 10, 2018

ပညာရေးဌာန၏ တည်ဆောက်ရေးလုပ်ငန်းများ လေးပုံတပုံသာ ပြီးစီးကြောင်း စစ်ဆေးတွေ့ရှိ

ပညာရေးဝန်ကြီးဌာနအနေနဲ့ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း တည်ဆောက်ရေး လုပ်ငန်းတွေ လေးပုံတပုံသာ ပြီးစီးကြောင်း စစ်ဆေးတွေ့ရှိတယ်လို့ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက   ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းတဲ့ အစီရင်ခံစာအရ သိရပါတယ်။ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအနေနဲ့ ၂၀၁၇-၁၈ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေနဲ့ တည်ဆောက်ရေးလုပ်ငန်းတွေ ဆောင်ရွက်တာမှာ ဘဏ္ဍာနှစ်ကုန်ဆုံးတဲ့ ၂၀၁၈ ခုနှစ် မတ်လ ၃၁ ရက်နေ့ထိ လုပ်ငန်းအားလုံးရဲ့ ၂၅ ရာခိုင်နှုန်းပဲ ပြီးစီးကြောင်း လေ့လာတွေ့ရှိခဲ့တာပါ။ အခြေခံပညာဦးစီင်္းဌာနအနေနဲ့ ၂၀၁၇-၁၈ မှာ လုပ်ငန်းပေါင်း ၂၅၈၀ ခု ခွင့်ပြုချက်ရရှိခဲ့ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနကို အပ်လိုက်တာမှာ ၅၆ ခုကို လက်မခံဘဲ ပြန်အပ်လိုက်တဲ့အတွက် ကျန်တဲ့ ၂၅၂၄ ခုကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦ ဦးစီးဌာရဲ့ ကြီးကြပ်မှုနဲ့ တင်ဒါခေါ်ပြီး ဆောင်ရွက်ခဲ့တာလို့ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်းက ပြောပါတယ်။ “၂၀၁၈ ခုနှစ် မတ်လကုန် ဘက်ဂျက်နှစ်ကုန်တဲ့နေ့မှာ ၆၂၂ ကျောင်းပဲ ပြီးတယ်။ အဲဒီတော့ ၂၅ ရာခိုင်နှုန်းလောက်ပဲ ၁၀၀ ရာခိုင်နှုန်းပြည့် ပြီးတာပေါ့။ ၇၅ ကနေအထက် ပြီးတာတွေ ရှိတယ်။ ၅၀ ရာခိုင်နှုန်းအထက် ပြီးတာတွေ ရှိတယ်။ အဓိကက ဘတ်ဂျက်ရဲ့သဘောက နှစ်ကုန်အတွင်းမှာ ပြီးကို ပြီးရမှာ။ နောက်တခုက ပညာရေးကျောင်းတွေ ဆိုတာ အများဆုံး နှစ်ထပ်ပဲ ဆိုတော့ သိပ်ပြီးခက်ခဲတဲ့ အဆောက်အအုံ မဟုတ်ဘူးပေါ့။ နှစ်ကုန်တဲ့အချိန်မှာ မပြီးတော့ ပြည်သူတွေ အကျိုးမခံစားရဘူးပေါ့” လို့ ပြောပါတယ်။ အခုလိုလုပ်ငန်းတွေ မပြီးတာဟာ တင်ဒါလုပ်ငန်းစဉ်တွေမှာ ကြန့်ကြာနေတာတွေ၊ ငွေပေးချေတဲ့ အပိုင်းမှာ ကြန့်ကြာနေတာတွေကြောင့်လို့ ပြောပါတယ်။ “တဖက်က အချိန်မီ မပြီးသလို တဖက်က စံချိန်စံညွန်း ပြည့်မီသလား ဆိုတော့လည်း စံချိန်စံညွန်းတွေ မပြည့်မီဘူး။ ဒါက ကုမ္ပဏီတွေရဲ့ ချို့ယွင်းအားချက် ဖြစ်သလို ကြီးကြပ်ရတဲ့ ကျနော်တို့ရဲ့အပိုင်းမှာလည်း အားနည်းချက်တွေ ရှိတာပေါ့။ အားနည်းချက်တွေကို ပြန်ကြည့်တဲ့အခါမှာ စာချုပ်တွေမှာ အားနည်းချက်တွေ ရှိတယ်။”လို့ ဦးအောင်မင်းက ပြောပါတယ်။ စာချုပ်ပါ စည်းကမ်းချက်တွေ ဖောက်ဖျက်ရင်၊ အငြင်းပွားရင် တရားရုံးမှာ ဖြေရှင်းဖို့ ချုပ်ထားတဲ့အတွက် တရားမကြောင်းအရ ပြီးဆုံးမှာ မဟုတ်လို့ စာချုပ်တွေ ပြင်ဖို့လိုတယ်လို့ ပြောပါတယ်။ အခြေခံပညာဦးစီးဌာနအနေနဲ့ တင်ဒါအောင်လုပ်ငန်း ၂၅၂၄ ခုအတွက် ကျပ် ၁၂၈ ဒသမ ၂၆၀ ဘီလီယံကျော်ကို ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦဦးစီးဌာနကို တင်ဒါအောင် လုပ်ငန်းတန်ဖိုးနဲ့အညီ ပေးချေခဲ့တယ်လို့ သိရပါတယ်။
5 years Ago
Up