လေ့ကျင့်သင်ကြားပေးရန် စီစဉ်

October 21, 2016

ဟော်ကီအားကစား ကျောင်းများတွင် လေ့ကျင့်သင်ကြားပေးရန် စီစဉ်

ဟော်ကီအားကစားကို စိတ်ပါဝင်စားမှုရှိလာစေဖို့အတွက် အခြေခံပညာကျောင်းတွေမှာ လေ့ကျင့်သင်ကြားပေးဖို့ စီစဉ်နေပါတယ်။ မြန်မာဟော်ကီအားကစားဟာ အရှေ့တောင်အာရှမှာ အဆင့် ၄ အတွင်းရှိပေမယ့် ကစားသမားရှားပါးမှုကြောင့်  အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာပါ။ ဒီလိုအခြေအတွေကြောင့် ဟော်ကီအားကစားကို စိတ်ဝင်စားမှုရှိလာဖို့နဲ့ ဟော်ကီမျိုးဆက်သစ် ကစားသမားတွေ ပေါ်ထွက်လာဖို့အတွက် အခြေခံပညာကျောင်းတချို့မှာ လေ့ကျင့်သင်ကြားပေးဖို့ စီစဉ်နေပါတယ်။ “ပွင့်လင်းကာလပေါ့လေ။ နိုဝင်ဘာ၊ ဒီဇင်ဘာမှာ ကျနော်က ဟော်ကီတိုး တက်အောင်ဆိုပြီး ကျောင်းတွေကို တုတ်တွေ သွားဝေမယ်။ ကလေးတွေကို ဟော်ကီ စိတ်ဝင်စားအောင် သွားပြီးတော့ ခေါ်လာမယ်။ ကျနော်တို့စပြီးတော့ အခြေခံတွေ သင်ပေးမယ်။ ဟော်ကီကို စိတ်ဝင်စားတဲ့ ကျောင်းသားတွေကို ဟော်ကီအကြောင်းကို ရှင်းပြမယ်။ ဒီမှာ ကျနော်တို့က သူတို့စိတ်ဝင်စားအောင် ပွဲတွေလုပ်ရမယ်။ အဓိက သူတို့ကို စိတ်ဝင်စားအောင် ဟော်ကီဆိုတာ ဘယ်လိုလဲ၊ ဟော်ကီကစားခြင်းဖြင့် အဓိက နေရှင်နယ်ပလေရာ ဖြစ်တာမဖြစ်တာထက် ကိုယ့်ရဲ့ကျန်းမာရေးကောင်းတယ်။ စသည်ဖြင့် ဒါမျိုးတွေကို ကျနော်တို့က သွားပြီးလုပ်ရမှာ ဖြစ်တယ်” လို့  မြန်မာနိုင်ငံ ဟော်ကီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစောလုလုထော်က ပြောပါတယ်။ ဟော်ကီလက်ရွေးစင်အသင်းမှာ တပ်မတော် ကြည်း၊ ရေ၊ လေ က ကစာသမားတွေအများစု ပါဝင်နေတာဖြစ်ပြီး လူငယ်ကစားသမားတွေ ထွက်ပေါ်လာဖို့အတွက် ကွင်းတွေရှိဖို့လည်း လိုတယ်လို့ ဟော်ကီနည်းပြတစ်ဦးက ပြောပါတယ်။ “ကျနော်တို့ဆီမှာတော့ ဒီကွင်းလေး တကွင်းပဲရှိတဲ့အတွက် ပြည်သူတွေ သိဖို့တော့ နည်နည်းတော့ ခက်ခဲတာပေါ့။ နောက်ထပ် ကွင်းတကွင်းလောက်ကိုလည်း နယ်ဘက်လောက်မှာ သွားပြီးတော့ ဖောက်ပေးနိုင်မယ်ဆိုရင် ဒေသခံလေးတွေနဲ့ အတူတူ စုစုရုံးရုံးဖြစ်လာရင် ကျယ်ပြန့်မှု တခုတော့ ဖြစ်လာမယ်လို့ ထင်ပါတယ်။ ဒါက ဘောလုံးကစားနည်းလောက် ပရော်ဖက်ရှင်နယ် မကျပေမယ့် ကျနော်တို့ ဟော်ကီ ကစားနည်းလည်း ဘောလုံးကစားနည်းလိုပဲ ကစားတဲ့ပုံစံချင်း တူပါတယ်” လို့ နည်းပြ ဦးအောင်ဇော်က ပြောပါတယ်။ ဟော်ကီကစားသမားကောင်းတွေ ထွက်ပေါ်လာဖို့အတွက် ပြိုင်ပွဲများများ ကျင်းပဖို့လိုတယ်လို့လည်း ဟော်ကီကစားသမား နေရှိန်းက ပြောပါတယ်။ “ပြိုင်ပွဲများရမယ်။ ပြီးတော့ အခုတက်လာမယ် လူငယ်တွေကို နိုင်ငံခြားကို လေ့ကျင့်မှု များများသွားပေးနိုင်ရမယ်။ ပံ့ပိုးပေးနိုင်ရမယ်။ ပံ့ပိုးပေးတယ်ဆိုတာက တခြားအပိုင်းတွေ မဟုတ်ဘူးပေါ့နော်။ ကစားသမား စိတ်ဓာတ်မြင့်မားအောင်၊ ပျော်ရွှင်အောင် ပြီးတော့ လေ့ကျင့်မှုတွေ သွားလုပ်ရင် နိုင်ငံခြားရဲ့ အတွေ့အကြုံ များများယူနိုင်မှ ကျနော်တို့ ရှေ့ဆက်ပြီးတော့ တိုးတက်မှုတွေ မြင်လာရမယ်လို့ ပြောလို့ရတာပေါ့။” မြန်မာဟော်ကီအသင်းဟာ လာမယ့် မလေးရှားဆီးဂိမ်းမှာ ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး နိုင်ငံတကာဖိတ် ခေါ်ပွဲတခုလည်း လက်ခံကျင်းပဖို့ စီစဉ်နေပါတယ်။ မြန်မာဟော်ကီအသင်းဟာ ၂၀၁၃ ဆီးဂိမ်းမှာ ကြေးတံဆိပ်ရရှိခဲ့ပေမယ့် လက်ရွေးစင်ကစားသမားအများစု အနားယူခဲ့တာကြောင့် မလေးရှားဆီးဂိမ်းမှာ ဆုတံဆိပ်ရဖို့  ရုန်းကန်ရမှာဖြစ်ပါတယ်။
6 years Ago
Up