လေ့ကျင့်ခန်း ဗွီဒီယိုဖိုင်ကို လေ့လာပြီး လေယာဉ်ပျံတည်ဆောက်ခဲ့သူ

November 29, 2015

လေ့ကျင့်ခန်း ဗွီဒီယိုဖိုင်ကို လေ့လာပြီး လေယာဉ်ပျံတည်ဆောက်ခဲ့သူ

ဒါဟာယုံကြည်နိုင်ဖို့ ခက်ခဲပေမယ့် အက်ဇ်မလက်ရှ်ဇက်ဖရူကတော့ ယူကျူအင် တာနက်စာမျက်နှာပေါ်က လေ့ကျင့်ခန်းဗွီဒီယိုဖိုင်ကို လေ့လာပြီး လေယာဉ်တစင်းကို တည်ဆောက်ပြနိုင်ခဲ့ပါပြီ။ ဒါဟာ အသက် ၃၅ နှစ်အရွယ် အီသီယိုပီးယား နိုင်ငံသားတယောက်ရဲ့ ငယ်ဘ၀ အိပ်မက်ပါပဲ။ သူဟာ ငယ်စဉ်က လေယာဉ်မှူးတစ်ယောက်ဖြစ်ချင်ခဲ့ပေမယ့် အီသီယိုပီးယား နိုင်ငံလေကြောင်း အကယ်ဒမီရဲ့ ငြင်းပယ်ခြင်းခံခဲ့ရပြီးတဲ့နောက်မှာ လေယာဉ်တစီးကို တည်ဆောက်ဖို့အတွက် ဆုံးဖြတ်ချက်ချခဲ့တာပါ။ “ကျနော်လေယာဉ်မှူးတယောက်မဖြစ်ခဲ့လို့ ကိုယ်ပိုင်လေယာဉ်တစီးကို တည်ဆောက်ဖို့ ဆုံးဖြတ်ခဲ့တာ။ ဒါဆို ကျနော် ကောင်းကင်ပေါ်မှာ မြင့်မြင့်ပျံသန်းနိုင်ပြီလေ” လို့ သူက စီအန်အန်သတင်းဌာနကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဆယ်နှစ်တာကာလအတွင်းမှာ ဇက်ဖရူဟာ သူ့အိပ်မက်ကို အကောင်အ ထည်ဖော်နိုင်ဖို့ ကြိုးစားခဲ့ရတာပါ။ သူဟာ လေယာဉ်ပစ္စည်းအပိုင်းအစတွေကို အဟောင်းဈေးကွက်တွေကတဆင့် စုဆောင်းခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီနောက်မှာတော့ သူဟာ လူ ၂ ယောက်စီးနင်းနိုင်မယ့် လေယာဉ်အတွက်  ဗောက်စ်ဝက်ဂွန်ဘီးတဲလ်အင်ဂျင်ကို မြင်းကောင်ရေ အား ၄၈ ကနေ ၇၈ ထိရအောင် မြှင့်တင်နိုင်ခဲ့ပါတယ်။ လေယာဉ်ဘီးတွေကိုတော့ ဆူဇူကီးမော်တော်ဆိုင်ကယ်ဘီးတွေကို အထိုင်ချပြု လုပ်ထားတယ်လို့ ဆိုပါတယ်။ သူဟာ လေကြောင်းဆိုင်ရာ ပညာရှင်တွေရဲ့ အကူအညီတွေနဲ့အတူ ယူကျု အင်တာနက်စာမျက်နှာပါ လေယာဉ်ပြုလုပ်ပုံအဆင့်ဆင့်ကို လေ့လာကာ ခုလိုတီထွင် နိုင်ခဲ့တာလို့ စီအန်အန်သတင်းမှာ ဖော်ပြပါတယ်။ ဇက်ဖရူဟာ ဇွန်လမှာ အဲဒီလေယာဉ်ကို စတင်မောင်းနှင်နိုင်ဖို့ ရည်ရွယ်ခဲ့ပေမယ့် နည်းပညာဆိုင်ရာပြဿနာတချို့ကြောင့် မပျံသန်းနိုင်ခဲ့ဘဲ ငါးလကြာမြင့်ခဲ့ပြီးမှ ပြန်လည် ပြင်ဆင်ကာ စတင်ပျံသန်းနိုင်တော့မှာ ဖြစ်ပါတယ်။ ဒါဟာ ရည်မှန်းချက်ကြီးတဲ့ အပျော်တမ်းလေယာဉ်မှူးတဦးရဲ့ နောက်ဆုံးစူးစမ်း လေ့လာမှုတော့မဟုတ်ပါဘူး။ သူက “ကျနော့်အိပ်မက်က နာဆာမှာ အာကာသဆိုင်ရာ အင်ဂျင်နီယာတဦးဖြစ် လာဖို့ပါ” လို့ ပြောပါတယ်။  
7 years Ago
Up