လေ့ကျင့်

November 18, 2017

တိုက်ခိုက်မှုအန္တရာယ် ကာကွယ်ရေး အင်ဒိုနီးရှား လုံခြုံရေးတပ်များ လေ့ကျင့်

အင်ဒိုနီးရှားနိုင်ငံ လုံခြုံရေးတပ်တွေဟာ ဘာလီကျွန်းမှာ တိုက်ခိုက်နိုင်မှုအန္တရာယ်ကို ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ လုံခြုံရေးလေ့ကျင့်မှုတရပ်ကို နိုဝင်ဘာ ၁၇ ရက်နေ့က လေ့ကျင့်ခဲ့ ပါတယ်။ တိုက်ခိုက်သူနဲ့ တိုက်ခိုက်ခံရသူတွေအဖြစ် ပုံစံထုတ်ထားတဲ့ လေ့ကျင့်မှုအတွင်း ရဲ၊ လေကြောင်း လုံခြုံရေးနဲ့ မီးသတ်သမားတွေ ပါဝင်လေ့ကျင့်ပါတယ်။ ဓား၊ သေနတ်နဲ့ အသေခံဗုံးခွဲ တိုက်ခိုက်မှုပုံစံတွေ အမျိုးမျိုးကို တုပ ဖန်တီး လေ့ကျင့်ခဲ့တာပါ။ အပန်းဖြေစခန်းသာ ကျွန်းဘာလီဟာ ၂၀၁၈ ခုနှစ်မှာ ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲ့ IMF တို့ပါဝင်တဲ့ အကြီးစား နိုင်ငံတကာ အစည်းအဝေး ၂ ရပ်ကို လက်ခံ ကျင်းပဖို့ အဆင်သင့် ပြင်နေတာပါ။ အရင်လက ဆမ်ဘာဝါကျွန်း အရှေ့ဘက်မှာ အစ္စလာမစ် နိုင်ငံ အမည်ခံ အိုင်အဲ့စ် စစ်သွေးကြွတွေကို လိုလားပြီး အဆက်အသွယ်ရှိတဲ့ စစ်သွေးကြွလို့ သံသယ ရှိသူ ၂ ဦးကို အင်ဒိုနီးရှား အကြမ်းဖက်မှု တိုက်ဖျက်ရေး ရဲတွေက အသေဖမ်းဆီးခဲ့ ပါတယ်။ အာဂွန်မီးတောင်က ပေါက်ကွဲမယ့် အလားအလာကို စောင့်နေရတဲ့ ဘာလီကျွန်းမှာ သဘာဝ ကပ်ဘေးတွေ အတွက်လည်း လုံခြုံရေး ဌာန အသီးသီးက အတူ လုပ်ဆောင်ဖို့ ရည်မှန်း လေ့ကျင့်ခဲ့တာလို့ ရဲချုပ် ပေထရပ်စ် ရိန်းဟာ့ဒ် ဂိုလုစ်က ပြောခဲ့ပါတယ်။
3 years Ago

October 21, 2017

ကယ်လီဖိုးနီးယားတွင် ငလျင်ကြိုတင်ကာကွယ်ရေး ပြည်သူသန်းချီ လေ့ကျင့်

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားမှာ အောက်တိုဘာ ၁၉ ရက်နေ့က ပြည်သူ သန်းနဲ့ချီပြီး မြေငလျင်ကြိုတင်ကာကွယ်ရေး လေ့ကျင့်ခန်းကို ပြုလုပ်ခဲ့ကြပါတယ်။ မြေငလျင်ကြီး လှုပ်ခတ်တဲ့အခါ ဒေသနေပြည်သူတွေ ဘေးအန္တရာယ် ကင်းစေဖို့ သိပ္ပံပညာရှင်တွေနဲ့ အရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်းတွေက ဦးဆောင်ပြီး လေ့ကျင့်ခန်းကို ပြုလုပ်ခဲ့ကြတာပါ။ “ဒီ Big Shaker ကြီးက  မြေငလျင်တု ၇.၇ မဂ္ဂနီကျူ့နဲ့ တုန်ခါနေတာပါ။ အတော်ကြီးမားတဲ့ ပမာဏပါ။ အဲဒီလောက် ပမာဏကြီးတဲ့မြေငလျင်ဆို အပျက်အစီးများမယ်။ လျှပ်စစ်ဓတ်အား၊ ရေ အဲဒါတွေ ပြတ်တောက်မယ်။ လူတွေဟာ လေးငါးခြောက်ရက် ကိုယ့်ဟာကိုယ် ကြုံသလိုဖြေရှင်းရမယ်” လို့ READY AMERICA ဘေးအန္တရာယ်ထောက်ပံ့ရေး ကုမ္ပဏီ ဥက္ကဋ္ဌက ပြောကြားခဲ့ပါတယ်။ ကျောင်းတွေ၊ ကောလိပ်တွေနဲ့ လုပ်ငန်းခွင်တွေမှာ အဲဒီလေ့ကျင့်ခန်းကို ပြုလုပ်ခဲ့ကြပါတယ်။ ပါဝင်လေ့ကျင့်သူတွေဟာ “၀မ်းလျားမှောက်၊ အကွယ်ယူ၊ မြဲမြဲကိုင်” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ပြုလုပ်ရပါတယ်။ “ဒီနေ့ပြုလုပ်တဲ့လေ့ကျင့်ခန်းဟာ ကော်ပိုရေးရှင်းတွေ၊ အေဂျင်စီတွေ၊ အိမ်ထောင်စုတွေနဲ့ ကျောင်းတွေကအစ မြေငလျင်ကြီး လှုပ်တဲ့အခါ ဘယ်လို လုပ်သင့်တယ်ဆိုတာနဲ့ ပတ်သက်လို့ နမူနာအနေနဲ့ လေ့ကျင်တာပါ။ အရေးပေါ်တံခါးကနေ ထွက်မယ်။ အပြင် မြေကွက်လပ်မှာ လူစုပြီးနေမယ်။ ပြီးရင် တဦးကိုတဦး စောင့်ရှောက်မယ်။ အဲဒါတွေကို လေ့ကျင်တာပါ” လို့ မြေငလျင် ကြိုတင်လေ့ကျင့်ရေး ဒီဇိုင်နာက ပြောကြားခဲ့ပါတယ်။ အဲဒီလေ့ကျင့်မှုတွေထဲကတခုကို လော့စ်အိန်ဂျလိစ်မြို့အနီးရှိ အမျိုးသားသဘာဝ ပြတိုက်မှာ ပြုလုပ်ခဲ့ပြီး ကယ်လီဖိုးနီးယားပြည်နယ်မှာ မိုင်ပေါင်းရာချီရှည်လျားတဲ့ ဆန်အန်ဒရီယာစ် ပြတ်ရွေ့ကြောင်း  ဖြတ်သန်းတည်ရှိတယ်လို့ သိရပါတယ်။
3 years Ago
More News
Up