ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းတပ်တွေဟာ သြဂုတ် ၉ ရက်နေ့က ယီမင်နိုင်ငံမြောက်ပိုင်းရှိ လူစည်ကားရာ ဈေးတခုနဲ့ ကျောင်းနေအရွယ် ကလေးတွေ တင်ဆောင်လာတဲ့ ဘတ်စ်ကားတစီးကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူဦးရေ ၅ဝ အထိ မြင့်တက်လာတယ်လို့ ယီမင်ရှိ ရှီးယိုက်သူပုန်တွေက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂၉ ဦး သေဆုံးတယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။
ညွန့်ပေါင်းတပ်ဟာ ယီမင်ရှိ ရှီးယိုက်သူပုန်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ရာက အခုလို ကလေးငယ်အများအပြား အပါအဝင် လူဒါဇင်နဲ့ချီ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုအတွင်း သေဆုံးသူ အများစုဟာ ဒေသခံတွေနဲ့ ဈေးဆိုင်ပိုင်ရှင်တွေ ဖြစ်တယ်လို့ မျက်မြင်တွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ရက်က သူပုန်တွေ ဆော်ဒီနိုင်ငံအတွင်း ဒုံးကျည်ပစ်လွှတ်တာကို လက်တုံ့ပြန်တဲ့အနေနဲ့ အခုလို လေကြောင်းကနေ တိုက်ခိုက်တာဖြစ်တယ်လို့ ဆော်ဒီအာဏာပိုင်တွေက ပြောပါတယ်။
ဟူသီသူပုန်တွေရဲ့ ဒုံးကျည်ပစ်လွှတ်မှုကြောင့် ၁ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ဟူသီသူပုန်တွေဟာ ကလေးငယ်တွေကို လူသားဒိုင်းအဖြစ် အသုံးချနေတယ်လို့လည်း ဆော်ဒီဘက်က စွပ်စွဲ ပြောကြားလိုက်ပါတယ်။
5 years Ago