လေကြောင်းတိုက်ခိုက်

February 18, 2019

ဆီးရီးယားတွင် ခြေကုပ်ယူထားသည့် အိုက်အက်စ်များကို လေကြောင်းမှ တိုက်ခိုက်

ဆီးရီးယားနိုင်ငံ ဘန်ဟိုဇ်ကျေးရွာမှာ ခြေကုပ်ယူထားတဲ့ အိုင်အက်စ်စစ်သွေးကြွ လက်ကျန်တွေကို ပစ်မှတ်ထားပြီး ဖေဖော်ဝါရီ ၁၇ ရက်နေ့က လေကြောင်းကနေ တိုက်ခိုက် ချေမှုန်းနေပါတယ်။ တိုက်ပွဲတွေကြောင့် ဘန်ဟိုဇ်ကျေးရွာတလျှောက် မီးခိုးတွေ တလိမ့်လိမ့် တက်နေပုံတွေ ရိုက်ကူးထားတဲ့ ရုပ်သံတွေ အင်တာနက်ပေါ်မှာ ထွက်ပေါ်နေတာပါ။ ဆီးရီးယားနိုင်ငံမှာရှိတဲ့ အမေရိကန် ကျောထောက်နောက်ခံပြု ဆီးရီးယား ဒီမိုကရက်တစ်တပ်ဦး (SDF) အဖွဲ့က ယူဖရေးတီးမြစ်ဝှမ်းဒေသမှာ ခြေကုပ်ယူထားတဲ့ အိုင်အက်စ်စစ်သွေးကြွတွေရဲ့ နောက်ဆုံးလက်ကျန်နယ်မြေကို ပြန်သိမ်းပိုက်ဖို့ ကြိုးစားနေပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ဆီးရီးယားမှာရှိတဲ့ အိုင်အက်စ်နှိမ်နင်းမှု စစ်ဆင်ရေး ရာနှုန်းပြည့် အောင်မြင်ဖို့ တည်းတည်းလေးပဲ လိုတော့တယ်လို့ မကြာသေးခင်က ကြွေးကြော်ထားပါသေးတယ်။ မကြာသေးခင်ရက်တွေက အမေရိကန်အစိုးရက လေကြောင်းကနေ အကြီးအကျယ် တိုက်ခိုက်ခဲ့လို့ ဘန်ဟိုဇ်ဒေသခံ အမြောက်အမြား နီးစပ်ရာရွာတွေကို ထွက်ပြေးခဲ့ကြရပါတယ်။ အိုင်အက်စ်စစ်သွေးကြွအဖွဲ့က ၂၀၁၄ ကစပြီး ဆီးရီးယားနယ်မြေ အများအပြားကို ကျူးကျော်သိမ်းပိုက်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ဆီးရီးယားအစိုးရတပ်ဖွဲ့တွေနဲ့ အမေရိကန် ကျောထောက်နောက်ခံပေးထားတဲ့ တပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေး အသီးသီးကြောင့် တဖြည်းဖြည်း အရေးနိမ့်လာခဲ့ပါတယ်။
3 years Ago

October 29, 2018

အစ္စရေးက ဂါဇာကမ်းမြောင်ကို လေကြောင်းမှတိုက်ခိုက်၊ ပါလက်စတိုင်း ၃ ဦး သေဆုံး

အစ္စရေးက ဂါဇာကမ်းမြောင်ဒေသကို အောက်တိုဘာ ၂၈ ရက်မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ပါလက်စတိုင်း အမျိုးသား ၃ ဦး သေဆုံးတယ်လို့ ဟားမတ်စ်ထိန်းချုပ်ရာ ဒေသအတွင်းက ဆေးဘက်အရာရှိတွေက ပြောပါတယ်။ အစ္စရေးအစိုးရကတော့ နယ်စပ်စည်းရိုး အစိတ်အပိုင်းတခုကို ဖောက်ခွဲဖို့ စစ်သွေးကြွ သံသယရှိသူတွေက ကြိုးစားနေတဲ့အတွက် ပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။ အစ္စရေးစစ်သားတဦးလည်း လက်ဖြောင့်တပ်သားလက်ချက်နဲ့ သေဆုံးပါတယ်။ အစ္စရေးတွေက ပိုင်နက်ကို ပိတ်ဆို့ထားတာကို ဆန့်ကျင်ပြီး သိမ်းပိုက်ခံ အစ္စရေး နယ်မြေထဲက ပါလက်စတိုင်းတွေရဲ့ နေရာဟောင်းကို ပြန်လာခွင့်ရရေး ပါလက်စတိုင်းတွေက ဆန္ဒပြနေတာ ၇ လနီးပါး ကြာနေပါပြီ။ ဒီ ၇ လအတွင်း အစ္စရေးတပ်တွေသတ်လို့ ပါလက်စတိုင်း ၂၁၆ ဦးကျော် သေဆုံးခဲ့ပြီးပြီလို့ ဂါဇာ ဆေးဘက်အရာရှိတွေက ပြောပါတယ်။ ဂါဇာက လက်နက်ကိုင် ထိုးဖောက်မှုတွေကို ဟန့်တားဖို့ လူသေတဲ့အထိ တုံ့ပြန်ဖို့ လိုအပ်တယ်လို့ အစ္စရေးက ပြောပါတယ်။ အပြန်အလှန် ပစ်ခတ်မှုတွေ မကြာခဏ ပိုများလာလို့ စစ်ဖြစ်သွားနိုင်တယ်လို့ အစ္စရေးက သတိပေးခဲ့ပြီးပါပြီ။ အီဂျစ်အစိုးရနဲ့ ကုလသမဂ္ဂတို့က အပစ်အခတ်ရပ်စဲရေးအတွက် ထပ်ခါတလဲ ကြားဝင် ဖျန်ဖြေပေးခဲ့ပါတယ်။
3 years Ago
More News
Up