လေကြောင်းတိုက်ခိုက်

July 23, 2019

ဆီးရီးယား အတိုက်အခံ ထိန်းချုပ်ရာမြို့ကို လေကြောင်းတိုက်ခိုက်၊ ၃၂ ဦးထက်မနည်း သေဆုံး

ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း အတိုက်အခံတွေ ထိန်းချုပ်ရာ မြို့တမြို့မှာ ဇူလိုင် ၂၂ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုကြောင့် ၃၂ ယောက်ထက်မနည်း သေဆုံးပြီး ဒါဇင်ချီ ဒဏ်ရာရတယ်လို့ ကယ်ဆယ်ရေးဝန်ထမ်းတွေက ပြောပါတယ်။ ဆီးရီးယား ဒါမှမဟုတ် ရုရှားဂျက်လေယာဉ်တွေလို့ ယုံကြည်ရတဲ့ ဒီစီးနင်းတိုက်ခိုက်မှုဟာ အီဒလစ်ပြည်နယ်တောင်ပိုင်း လူနေထူတဲ့ မားရပ်တာနမ်မန်မြို့ကို ပစ်မှတ်ထားခဲ့တာပါ။ ဦးထုပ်ဖြူအဖွဲ့လို့ လူသိများတဲ့ ဆီးရီးယား အရပ်ဘက်ကာကွယ်ရေးအဖွဲ့ တင်တဲ့ပို့စ်မှာ ပြိုကျ အဆောက်အဦ အတွင်းကနေ ကလေးငယ်တယောက်ကို ကယ်ဆယ်နေတာ တွေ့ရပါတယ်။ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနကတော့ သူတို့အနေနဲ့ အီဒလစ်ပြည်နယ်မှာ ဘာမစ်ရှင်မှ ပျံသန်းတာမရှိဘူးလို့ ပြောပြီး လေကြောင်းတိုက်ခိုက်မှုတွေကို ငြင်းဆိုခဲ့ပါတယ်။ ဆီးရီးယား နိုင်ငံပိုင်သတင်းဌာနကလည်း သူပုန်တွေ ပစ်ခတ်တဲ့ အမြောက်ကျည်ဆန်တွေကြောင့် လူအများအပြား ဒဏ်ရာရခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
3 years Ago

May 21, 2015

အိုင်အက်စ်များကို လေကြောင်းတိုက်ခိုက်သည့်ရုပ်သံ အမေရိကန်ကာကွယ်ရေးဌာန ဖြန့်ချိ (ရုပ်သံ)

အမေရိကန်ကာကွယ်ရေးဌာနက အီရတ်နိုင်ငံ ရာမာဒီမြို့နားက အစ္စလာမ္မစ်နိုင်ငံတော် အဖွဲ့(အိုင်အက်စ်) တွေကို ပစ်မှတ်ထားပြီး မေ ၁၅ ရက်နေ့က ညွန့်ပေါင်း လေကြောင်းတိုက်ခိုက်မှု လုပ်နေတာလို့ ပြောတဲ့ ရုပ်သံမှတ်တမ်းကို ဖြန့်ချိလိုက်ပါတယ်။ အီရတ်အစိုးရ အဆောက်အဦတလုံးကို မွှေနှောက်စီးနင်းအပြီး အိုင်အက်စ်တပ်တွေကို ထောက်ပံ့ဖို့ ကြိုးစားနေတုန်း လေကြောင်းတိုက်ခိုက်မှု အတော်များများ လုပ်ခဲ့ပုံကို ရုပ်သံက ပြသထားပါတယ်။ အီရတ်တပ်တွေကတော့ မေ ၂၀ ရက်နေ့က မြို့နားမှာ အိုင်အက်စ်တွေရဲ့ တိုက်ခိုက်မှုကို ခံရလို့ ညလုံးပေါက် ပြန်တိုက်ခဲ့ရတယ်လို့ ပြောပါတယ်။ ဒါဟာ တနှစ်အတွင်း အစိုးရ တပ်တွေ အသိသာဆုံး နောက်ဆုတ်ရတဲ့ တိုက်ပွဲ ဖြစ်ခဲ့ပါတယ်။ အိုင်အက်စ်အဖွဲ့ဟာ အီရတ်အနောက်ပိုင်း အန်ဘာခရိုင်မှာ အစိုးရထိန်းချုပ်မှု လက်တဆုပ်စာပဲ ကျန်တဲ့အထိ သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို ပြန်ကျစ်လစ်အောင် လုပ်နေပါတယ်။ မြို့ကို ပြန်သိမ်းနိုင်ဖို့ အီရတ်တပ်တွေက ရှီးယားမွတ်စလင် ပြည်သူ့စစ်တွေရဲ့ ပံ့ပိုးမှုနဲ့ ရာမာဒီမြို့နားမှာ အခြေစိုက်စခန်းကို တည်ဆောက်နေပါတယ်။ မြို့သိမ်းတိုက်ပွဲအပြီး ဆွန်နီမွတ်စလင် အိုင်အက်စ်စစ်သွေးကြွတွေက ထွက်ပြေးသွားတဲ့ အီရတ်တပ်တွေ ကျန်ခဲ့တဲ့ လက်နက်ခဲယမ်း အမြောက်အများနဲ့ တင့်ကားတွေ၊ အမြောက်တွေကို သိမ်းယူခဲ့ပါတယ်။
7 years Ago
Up