လေကြောင်းစွမ်းရည်ပြသစဉ် ထိတ်လန့်ဖွယ် လေယာဉ်ပျက်ကျပြီး လေယာဉ်မှူး ၂ ဦးသေဆုံး

September 4, 2017

လေကြောင်းစွမ်းရည်ပြသစဉ် ထိတ်လန့်ဖွယ် လေယာဉ်ပျက်ကျပြီး လေယာဉ်မှူး ၂ ဦးသေဆုံး (ရုပ်သံ)

ရုရှားနိုင်ငံမှာ လေကြောင်းစွမ်းရည်ပြ ရှိုးပွဲတခုမှာ လေယာဉ်တစီး ကြောက်မက်ဖွယ် ပျက်ကျခဲ့လို့ လေယာဉ်မှူး ၂ ဦး သေဆုံးခဲ့ရတယ်လို့ မေရာသတင်းတပုဒ်မှာ စက်တင်ဘာ ၃ ရက်နေ့က ဖော်ပြပါတယ်။ ဒီအဖြစ်အပျက်ဟာ ရုရှားနိုင်ငံမြို့တော် မော်စကိုအနီး ဘော်လက်စ်ရှီကာမြို့မှာ ဖြစ်ခဲ့တာဖြစ်ပြီး အန်တိုနော့ဗ်အန်-၂ (AntonovAn-2) လေယာဉ်ဟာ ကွင်းပြင်အပေါ်ကနေ ဝဲကာ ပျံသန်းစွမ်းရည်ပြသခဲ့တာပါ။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အဲဒီလေယာဉ်ဟာ စက်ဝိုင်းပုံသဏ္ဌာန် လှည့်ပတ်ပျံသန်းပြီး မြေပြင်ဆီ ထိုးစိုက်အဆင်းမှာ တောင်ပံတဘက်က မြေပြင်နဲ့ ရိုက်ခတ်မိခဲ့တာကို တွေ့ရပါတယ်။ အဲဒီနောက် စက္ကန့်ပိုင်းအတွင်းမှာပဲ မြေပြင်မြက်ခင်းကွင်းပြင်ပေါ်မှာ လေယာဉ်ဆီမှ မီးခိုးလုံးမည်းမည်းကြီးတွေနဲ့ မီးတောက်မီးလျှံတွေ ထွက်ပေါ်လာခဲ့တာကို တွေ့ရပါတယ်။ ကနဦးစုံစမ်းစစ်ဆေးမှုတွေအရတော့ လေယာဉ်မှူး ၂ ဦးထဲက တဦးဟာ လေယာဉ်ကို ထိန်းချုပ်မှုကနေ လွတ်သွားခဲ့တာဖြစ်မယ်လို့ ဆိုပါတယ်။ ရဲပြောရေးဆိုခွင့်ရသူတဦးကတော့ “ကျနော်တို့ ဒီလေယာဉ်ပျက်ကျမှုကို အတည်ပြုနိုင်ခဲ့ပါပြီ။ လေယာဉ်ပေါ်မှာ လူ ၂ ဦးလုံး သေဆုံးသွားခဲ့တာပါ” လို့ ပြောပါတယ်။ ဒီမတော်တဆမှုမှာ တခြား ထိခိုက်ဒဏ်ရာရရှိသူ တဦးတယောက်မှ မရှိခဲ့ဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။
4 years Ago
Up