ဆီးရီးယားနိုင်ငံ အနောက်မြောက်ဘက်က သူပုန်တွေ ထိန်းချုပ်ထားတဲ့ ဂျက်ဆာ အယ်လ် ရှုဂူဟူဒေသမှာ ဇူလိုင် ၁၀ ရက်နေ့က ဆီးရီးယားအစိုးရရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူ ၇ ယောက် သေဆုံးခဲ့တယ်လို့ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (SOHR) က ပြောပါတယ်။
လွန်ခဲ့တဲ့ နှစ်လကတည်းက ဆီးရီးယား အနောက်မြောက်ဘက်ဒေသက သူပုန်အခြေစိုက်စခန်းတွေကို ရုရှား ကျောထောက်နောက်ခံ ပေးထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း သေဆုံးသူ အရပ်သား ၅၄၄ ယောက်နဲ့ ဒဏ်ရာရသူ နှစ်ထောင်ကျော် ရှိပြီလို့ လူ့အခွင့်အရေး အဖွဲ့တွေနဲ့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။
ဗုဒ္ဓဟူးနေ့က ဆီးရီးယားအစိုးရရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ ဂျက်ဆာအယ်လ်ရှုဂူဟူမြို့ ဆေးရုံကို ထိမှန်ခဲ့ပြီးနောက် ကလေးငယ်သုံးယောက် အပါအဝင် စုစုပေါင်း အရပ်သား ၇ ယောက် သေဆုံးခဲ့တယ်လို့ SOHR အဖွဲ့က ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ဧပြီလကတည်းက တူရကီနိုင်ငံနဲ့ နယ်စပ်ဘက်ကို ထွက်ပြေးကြတဲ့ ဆီးရီးယားနိုင်ငံသား အယောက်သုံးသိန်းကျော် ရှိပါတယ်။
သူပုန်တွေ ထိန်းချုပ်ထားတဲ့ အီဒလစ်ပြည်နယ်ဟာ လူသားချင်း စာနာထောက်ထားမှု ကပ်ဘေး ဆိုက်လုနီးပါး အန္တရာယ် ကျရောက်နေတယ်လို့လည်း ကုလသမဂ္ဂက သတိပေးထားပါတယ်။
2 years Ago