လေပေါ်ပျံ

July 25, 2019

ဂျက်အင်ဂျင်သုံး လေပေါ်ပျံစက်စီးပြီး ပျံသန်းပြခဲ့သည့် ပြင်သစ်နိုင်ငံသား ပန်းတိုင်မရောက်ဘဲ ရေထဲပြုတ်ကျ

ပြင်သစ်နိုင်ငံသား ဖရန်ကီ ဇာပတာဟာ ဇူလိုင် ၂၅ ရက်က သူကိုယ်တိုင်တီထွင်ထားတဲ့ ဂျက်အင်ဂျင်သုံး လေပေါ်ပျံစက်ကိုစီးပြီး ပြင်သစ်နဲ့ ဗြိတိန်နိုင်ငံကြားက ရေလက်ကြားပေါ်ကို ပျံသန်းပြခဲ့ပါတယ်။ ဒါပေမယ့် လမ်းတဝက်မှာ လောင်စာပြန်ဖြည့်ဖို့ လွဲချော်ခဲ့တာကြောင့် သတ်မှတ်ထားတဲ့ ပန်းတိုင်ထိ မရောက်ဘဲ ရေထဲပြုတ်ကျသွားခဲ့တယ်လို့ ဇာပတာရဲ့ နည်းပညာအဖွဲ့ဝင်တယောက်က ပြောပါတယ်။ ဇာပတာဟာ အသေးစား ဂျက်အင်ဂျင်ငါးလုံး တပ်ဆင်ထားတဲ့ နင်းပြားနဲ့ ရေနံဆီ ၄၂ လီတာ ထည့်တားတဲ့ ကျောပိုးအိတ်ကိုစီးပြီး ပြင်သစ်နိုင်ငံ ဆွန်ဂတ်မြို့ကနေ စတင်ထွက်ခွာခဲ့တာပါ။ မိနစ် ၂၀ အတွင်း ဗြိတိန်ပိုင်နက်ထဲက ဒိုဗာမြို့ကိုရောက်ဖို့ မျှော်လင့်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အဲဒီလေပေါ်ပျံစက်ဟာ အမြင့် ၁၅ မီတာကနေ မီတာ ၂၀ အထိ ရောက်ရှိနိုင်ပြီး တနာရီကို ၈၇ မိုင်အထိ ပျံသန်းနိုင်ပါတယ်။ ဇူလိုင် ၁၄ ရက်နေ့က မြို့တော်ပါရီမှာ ကျင်းပခဲ့တဲ့ ပြင်သစ်အမျိုးသားနေ့ စစ်ရေးပြအခမ်းအနားမှာ ဇာပတာက အဲဒီလေပေါ်ပျံစက်ကို ပထမဆုံး စီးပြခဲ့တာပါ။ ဇာပတာရဲ့ပြကွက်ကို အခမ်းအနား တက်ရောက်လာတဲ့ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခွန်းနဲ့ ဥရောပခေါင်းဆောင်တွေက အားပေးခဲ့တဲ့အပြင် အင်တာနက်စာမျက်နှာတွေပေါ်မှာလည်း ပျံ့နှံ့ခဲ့ပါတယ်။
2 years Ago
Up