လေပွေလှိုင်း

March 16, 2018

လေပွေလှိုင်းများကြောင့် ပြည်နယ်တိုင်း ၉ ခုတွင် မိုးရွာနိုင်

လေပွေလှိုင်းများ အရှိန်ကြောင့် ပြည်နယ်တိုင်း ၉ ခုမှာ အချိန်အခါမဟုတ် မိုးများ ရွာသွန်းနိုင်တယ်လို့ မိုးလေဝသဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ထူးခြားမိုးလေဝသခန့်မှန်းချက်အနေနဲ့ မတ် ၁၅ ရက်မှာ ထုတ်ပြန်ချက်အရ အနောက်ဘက်က ရွေ့လျားလာတဲ့ လေပွေလှိုင်းများ အရှိန်ကြောင့် စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်တို့မှာ နေရာကျဲကျဲ၊ နေပြည်တော်၊ မန္တလေး၊ မကွေး၊ တနင်္သာရီနဲ့ ရခိုင်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် မတ်လနဲ့ ဧပြီလအတွင်း ဖြစ်ပွားနိုင်တဲ့ မိုးလေဝသ ဖြစ်စဉ်တွေကို သတိထားကြဖို့လည်း မိုးလေဝသဌာနက သတိပေးထားပါသေးတယ်။ မြန်မာနိုင်ငံအရပ်ရပ်မှာ နွေကာလဖြစ်တဲ့ မတ်လနဲ့ ဧပြီလများအတွင်း နေ့အပူချိန်များ တဖြည်းဖြည်း မြင့်တက်လာရာကနေ အပူပျံတက်တိမ်များ ဖြစ်ထွန်းပြီး မွန်းလွဲ၊ ညနေပိုင်းတို့မှာ မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်တယ်။ အဲဒီ  မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတလျှောက်မှာ  လေပြင်းများ တိုက်ခတ်ခြင်း၊ လေပြင်းနဲအတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနဲ့ နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်း စတဲ့  မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်တယ်။ လေပြင်းတိုက်ခတ်စဉ် မြေပြင် ရေပြင် လေဟာ တနာရီလျှင် ၃၅ မိုင်ကနေ  မိုင် ၄၀ အထိ တိုက်ခတ်နိုင်တယ်လို့ မိုးဇလသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago

October 27, 2016

ရန်ကုန်အနှံ့ တိုက်ခတ်သွားသည့်လေပွေလှိုင်း အားကောင်းလာရန် ရှိ၊ မရှိ မိုးဇလစောင့်ကြည့်

  ရန်ကုန်မြို့အနှံ့မှာ မနေ့ညက တိုက်ခတ်သွားတဲ့ အရှေ့လေပွေလှိုင်း အားကောင်းလာဖို့ ရှိ၊ မရှိ ဆက်လက်စောင့်ကြည့်ရမယ်လို့ မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ပြောပါတယ်။ အရှေ့ဘက်ကလာတဲ့ လေပွေလှိုင်းကြောင့် အောက်တိုဘာ ၂၇ ရက်နေ့ည ၁၀နာရီ ကျော်လောက်က ရန်ကုန်မြို့အနှံ့မှာ လေပြင်းတိုက်ခတ်ကာ လျှပ်စီးလက်ပြီး မိုးရွာသွန်းခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ကြောင့် ရန်ကုန်မြို့တွင် မြို့နယ်အချို့မှာ သစ်ပင်တွေလဲ၊ သစ်ကိုင်းကျိုးတာ၊ လျှပ်စစ်ဓာတ်ကြိုး ပြတ်ကျလျှပ်စစ်မီးတွေပျက်မှု ဖြစ်ပေါ်ခဲ့ပြီး ရန်ကုန်မြို့ခံတွေ အနေနဲ့ စိုးရိမ်ထိတ်လန့်ခဲ့ရပါတယ်။ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ သုဝဏ္ဏ၊ သာကေတနဲ့   ဒဂုံမြို့သစ်ဆိပ်ကမ်း စတဲ့ မြို့နယ်တွေမှာ လေပြင်းတိုက်လို့ သစ်ပင်တွေလဲကျတာနဲ့  နေအိမ်သွပ်မိုးတွေ လွှင့်ထွက်တာ တွေနဲ့ကြုံတွေ့ ခဲ့ရပါတယ်။ အရှေ့လေပွေလှိုင်းဟာ ဆက်လက်အားကောင်းလာနိုင်သေးတဲ့အတွက် ဒီကနေ့ည အစောပိုင်းအချိန်ထိ စောင့်ကြည်ရမယ်လို့ မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဦးစီးအရာရှိ ဒေါ်ဟန်ဆွေက ပြောပါတယ်။ လေပွေလှိုင်းဟာ မိုးတိမ်တောင်တွေ ပေါင်းဆုံရာကနေ ဖြစ်ပွားတာဖြစ်ပြီး လေပြင်းတိုက် မိုးရွာသွန်းရင် ပျက်ပြယ်သွားတယ်လို့လည်း ပြောပါတယ်။ အခု ဖြစ်ပေါ်နေတဲ့ လေပွေလှိုင်းဖြစ်စဉ်ဟာ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်းနဲ့ သက်ဆိုင်မှုမရှိဘူးလို့လည်း ဆိုပါတယ်။
5 years Ago
Up