လော်ခီးလား

July 1, 2015

လော်ခီးလာ နိုင်ငံရေးထိုးစစ်နှင့် ငြိမ်းချမ်းရေး အလားအလာ

၂၀၁၅ ခုနှစ် ဇွန် ၂ ရက်မှ ၉ ရက်အတွင်း ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ထိန်းချုပ်ထားရာ ကရင်ပြည်နယ်အတွင်း ကျင်းပခဲ့သည့် လော်ခီးလာညီလာခံမှ ဆုံးဖြတ်ချက်များ ထွက်လာပြီးနောက်တွင် ဦးသိန်းစိန်၊ ဦးအောင်မင်း စစ်အစိုးရသည် အကျပ်ရိုက်လျက်ရှိသည်။ လူသေကို အသက်မရှင်စေနိုင်တော့သည့် မန္တာန်ဟောင်းကြီးဖြစ်သည့် တို့တာဝန် အရေး ၃ ပါးကို မဆီမဆိုင် တတွတ်တွတ်ရွတ်ရင်း ကာချုပ် မင်းအောင်လှိုင်က ၎င်းတို့အလိုကျ ပြင်ဆင်ထားသည့် အပစ်ရပ်စာချုပ်ကို လွယ်လင့်တကူ လက်မှတ်မထိုးကောင်းလားဟူ၍ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း ခေါင်းဆောင်များအား အပြစ်တင်လျက်ရှိသည်။ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ရုံသာမက လက်သီးပုန်းနဲ့ အထိုးခံလိုက်ရသလိုဖြစ်ကာ ရှေ့တိုးရအခက် နောက်ဆုတ်ရအခက်နဲ့ မရှုနိုင် မကယ်နိုင်ဘ၀သို့ ကျရောက်လျက်ရှိသည်။ အဘယ်ကြောင့် ယင်းသို့ဆိုသနည်း။ လော်ခီးလာညီလာခံ ရလဒ်အပေါ် အခြေပြု၍ ထွက်ပေါ်လာသော တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ၏ နိုင်ငံရေးခြေလှမ်းမှာ လှလှပပကလေး ဖြစ်နေသည်။ ၂၀၁၅ မတ် ၃၁ ရက်နေ့က အန်စီစီတီနဲ့ စစ်အစိုးရတို့ သဘောတူခဲ့ကြသည့် အတည်ပြုမူကြမ်းအား ပယ်ချလိုက်ခြင်းမဟုတ်။ တွေ့ဆုံဆွေးနွေးရေးကို ငြင်းပယ်လိုက်ခြင်း မဟုတ်။ ပြင်ဆင်ချက်များနဲ့ အတည်ပြုပြီး အဆိုပါ ပြင်ဆင်ချက်များအား နှစ်ဘက် ဆက်လက်ဆွေးနွေးကြရန် ကမ်းလှမ်းလိုက်ခြင်းကြောင့် ဖြစ်သည်။ ယခုအချိန်သည် ၁၉၆၃ ခုနှစ် ဗိုလ်ချုပ်နေ၀င်းခေတ်ကလို မဟုတ်တော့။ လက်ရှိ စစ်အစိုးရသည် စစ်ရေးအရ၊ စီးပွားရေးအရ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ချေ မရှိ။ နိုင်ငံခြားမှ လက်နက်ခဲယမ်းမီးကျောက်များ၊ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများ၊ တိုးတက်ဖွံ့ဖြိုးရေး အကူအညီများကို အားထားရသည့်ဘ၀သို့ ကျရောက်နေရရုံသာမက ပြည်တွင်းမှ ပို့ကုန်အဖြစ် ပြည်ပသို့ ထိထိရောက်ရောက် တင်ပို့ပြီး နိုင်ငံခြားငွေ လောက်လောက်လားလား ရှာနိုင်ချေ မရှိ။ ငွေကြေးတည်ငြိမ်သယောင်ရှိခဲ့ရာမှ ယခုအချိန်တွင် ငွေလဲနှုန်းမှာ အမေရိကန် ၁ ဒေါ်လာကို မြန်မာကျပ်ငွေ ၁၃၀၀ အထိ မြင့်တက်လျက်ရှိနေသည်။ (၁) စက်သုံးဆီဈေးနှုန်း၊ မော်တော်ကားဈေးနှုန်းနဲ့ ဆေးဝါးဈေးနှုန်းများ အပါအ၀င် သွင်းကုန်ဈေးနှုန်းများ အားလုံး တပြိုင်နက်တည်း တရိပ်ရိပ်တက်လာသောကြောင့် အထွေထွေ ကုန်ဈေးနှုန်း မြင့်တက်ရေးအထိ ဦးတည်လာလျက်ရှိသည်။ (၂) ပို့ကုန်မှ ဒေါ်လာဝင်ငွေ ထိထိရောက်ရောက် မရှာနိုင်၊ သွင်းကုန်လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်၊ ယင်း၏ အကျိုးဆက်အနေဖြင့် ကုန်ဈေးနှုန်း မြင့်တက်လာပြီးနောက် လူထုအုံကြွမှုများ ပေါ်ပေါက်မလာအောင် တားဆီးနိုင်ရန် စစ်အစိုးရတွင် ထွက်ပေါက်တခုတည်းသာ ရှိသည်။ ယင်းမှာ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများအား တနိုင်ငံလုံး အပစ်ရပ်စာချုပ်ဟူသည်ကို လက်မှတ်ထိုးခိုင်း၊ ကမ္ဘာကိုပြ၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုနဲ့ ဖွံ့ဖြိုးရေး အကူအညီများ အလုံးအခဲနဲ့ ၀င်လာစေရန် တဘက်က ဖိတ်ခေါ်၊ အခြားတဘက်က တိုင်းရင်းသား ပြည်နယ်များရှိ လူထုပိုင် သဘာဝ သယံဇာတများအား အကြီးအကျယ် တိုးချဲ့ ထုတ်ယူရောင်းချခြင်းသည်သာ ထွက်ပေါက်ဖြစ်သည်။ အခြားနည်းမရှိ။ သို့ဖြစ်၍ လော်ခီးလာညီလာခံ၏ ဆုံးဖြတ်ချက်များကို အပြတ်ပယ်ချ၊ ဆွေးနွေးပွဲများကို လုံးဝရပ်၊ အတည်ပြုမူကြမ်းကို လက်မှတ်မထိုးသည့် တိုင်းရင်းသားအဖွဲ့အစည်း မှန်သမျှအား စစ်ရေးနည်းဖြင့်သာ အပြတ်တိုက်ခိုက် ချေမှုန်းသွားမည်ဟူ၍ ပြတ်ပြတ်သားသား ကြေညာလုပ်ဆောင်ရန်မှာ စစ်အစိုးရအတွက် အခက်အခဲများစွာ ရှိသည်။ အဘယ်ကြောင့်နည်း။ အထက်ပါ စီးပွားရေးထွက်ပေါက် ပိတ်သွားနိုင်သည်။ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက်ဟု လက်ညှိုးထိုးကာ ဥရောပသမဂ္ဂ၊ နော်ဝေ၊ ဂျပန်နဲ့ နိုင်ငံတကာ ငွေကြေးထောက်ပံ့သည့် အဖွဲ့အစည်းကြီးများထံမှ ရယူဆဲ၊ ဆက်လက်ရနိုင်ရန် အလားအလာ ရင့်မှည့်နေသော ဒေါ်လာသန်းထောင်ဂဏန်းသို့ ဦးတည်နေသည့် ငွေကြေးထောက်ပံ့မှုများ ရပ်သွားနိုင်သည်။ လူထုအုံကြွမှုနဲ့ လက်နက်ကိုင်တိုက်ပွဲများ စနစ်တကျ ပေါင်းစည်းကာ စစ်အာဏာရှင်စနစ်ကို အပြုတ်တိုက်မည့် လှုပ်ရှားမှုများ အားကောင်းသွားနိုင်သည်။ ဤသည်ကို အာဏာရှင် စစ်အစိုးရအဆက်ဆက် အကြောက်ရွံ့ဆုံး ဖြစ်၍ပင်။ ထိုနည်းတူစွာပင် လော်ခီးလာညီလာခံ၏ ဆုံးဖြတ်ချက်နဲ့ ရပ်တည်ချက်များအပေါ် အခြေခံ၍ ဆွေးနွေးပွဲများ ဆက်လက်ကျင်းပသွားရန်မှာလည်း စစ်အစိုးရက လက်မခံနိုင်ဆုံးသော အခြေအနေတချို့ ရှိနေသည်။ ပထမ အခြေအနေမှာ ၎င်းတို့နဲ့ ပြန်လည်တွေ့ဆုံ ဆွေးနွေးရမည့် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်သော အဓိက တိုင်းရင်းသား ခေါင်းဆောင်များ၏ အနေအထားဖြစ်သည်။ ယင်းတို့၏ အများစုကြီးမှာ လော်ခီးလာညီလာခံ ဆုံးဖြတ်ချက်များမှ တပြားမှ လျော့မည့်ပုံမရှိ။ ယင်း၏ အဖွဲ့ခေါင်းဆောင်မှာ စစ်အစိုးရနဲ့ အလွမ်းသင့်ရုံမက နေပြည်တော်ကို ချောင်းပေါက်မတတ် ဖိတ်ကြား၊ အခွင့်အလမ်း အမျိုးမျိုးဖြင့် ချော့မြှူထားခဲ့သည့် ကေအန်ယူဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး မဟုတ်။ နိုင်ငံရေးအရ ခိုင်မာစွာ ရပ်တည်လျက်ရှိသည့် ဒု-ဥက္ကဋ္ဌ နော်စီဖိုးရာစိန် ဖြစ်နေသည်။ ထူးဆန်းသည်မှာ တသွေး တသံ တမိန့်ကို လက်မခံ၊ တူတာ တွဲလုပ်၊ မတူတာ ခွဲလုပ်၊ လုပ်ခွင့် မရသဖြင့်ဟူ၍ အကြောင်းပြရုံမျှဖြင့် ယူအန်အက်ဖ်စီ တပ်ပေါင်းစု အစည်းအဝေးမှ သပိတ်မှောက် ထွက်ခွာလာခဲ့သော ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးသည် လော်ခီးလာညီလာခံတွင် ရပ်တည်ချက်ပြောင်းသွားခြင်း ဖြစ်သည်။ ၎င်းက အဖွင့်မိန့်ခွန်းတွင် မတ် ၃၁ ရက်နေ့က ထွက်ပေါ်လာသည့် အတည်ပြုမူကြမ်းကို ရဲရဲတင်းတင်း လက်မှတ်ထိုးကြပါဟု ပြောင်ပြောင်တင်းတင်း တိုက်တွန်းခဲ့ပါလျက် ယင်းမိန့်ခွန်းနဲ့ ဆန့်ကျင်သည့် ဆွေးနွေးချက်များ ပေါ်လာသော်လည်း အစည်းအဝေးမှ ထွက်ခွာမသွားခဲ့။ အစအဆုံး တက်ခဲ့သည်။ အစည်းအဝေး ဆုံးဖြတ်ချက်များကို ၀င်ရောက်တာဝန်ခံခဲ့သည်။ အစည်းအဝေး မှတ်တမ်းများ အားလုံးကို သဘာပတိအနေဖြင့် တာဝန်ခံ လက်မှတ်ထိုးပေးခဲ့သည်။ သို့ဖြစ်၍ ၎င်းအနေဖြင့် ပြန်လည် ချိုးဖောက်ခွင့် မရနိုင်တော့။ ချိုးဖောက်လိမ့်မည်ဟုလည်း မယူဆ။ ချိုးဖောက်ခြင်းဖြင့် မိမိကိုယ်တိုင် လက်နဲ့ရေးပြီးသားကို ခြေနဲ့ပြန်ဖျက်သူ အဖြစ်မျိုးသို့ ဗိုလ်ချုပ်ကြီးကိုယ်တိုင် မည်သည့်အခါတွင်မျှ အရောက်ခံလိမ့်မည် မဟုတ်ဟု ယူဆရသောကြောင့်ပင်။ ဤသည်ကိုချုပ်၍ သုံးသပ်ရလျှင် လော်ခီးလာ အစည်းအဝေးတွင် ကေအန်ယူ ထိပ်ပိုင်းခေါင်းဆောင်အချို့အတွင်း ပြန်လှန်ဆွေးနွေးငြင်းခုံမှုများ ရှိခဲ့သော်လည်း အစည်းအဝေး အဆုံးသတ်သည့်အချိန်တွင် ဆုံးဖြတ်ချက်များအပေါ် အဖွဲ့အစည်းတခုလုံး တစည်းတလုံးနဲ့ ခိုင်ခိုင်မာမာ ရပ်တည်ခဲ့သည်ဟု သုံးသပ်နိုင်သည်။ ယင်းမှာ ကေအန်ယူအတွက် နိုင်ငံရေးအရ တဆင့်တက်သွားရုံသာမက အခြားအဖွဲ့အစည်းများအတွက်ပါ အားဖြစ်စေခဲ့သည်။ ယင်းအခြေအနေသို့ ရောက်ရှိစေရေးအတွက် ကေအန်ယူ အဖွဲ့အစည်းအတွင်းတွင် စိတ်ရှည်သည်းခံစွာဖြင့် နိုင်ငံရေးအရ ဖြောင့်ဖြောင့်မတ်မတ် ဦးဆောင်ခဲ့သည့်ခေါင်းဆောင်များ၊ အပြင်မှနေ၍ ပံ့ပိုးခဲ့၊ ဖိအားပေးခဲ့၊ နည်းပေါင်းစုံဖြင့် ဖြည့်ဆည်းပေးခဲ့ကြသည့် ပြည်တွင်းနဲ့ ပြည်ပရှိ ကရင်လူထုအသင်းအဖွဲ့များ၊ ကရင်အမျိုးသမီး အဖွဲ့အစည်းများ၊ ကရင်အမျိုးသားကွန်ရက်များ၊ ကရင်လူငယ်အဖွဲ့အစည်းများ၏ အရေးပါသော အခန်းကဏ္ဍကို ဤနေရာတွင် အသိအမှတ် ပြုရပါမည်။ ယင်းအခြေအနေအား လက်ရှိ စစ်အစိုးရက မနှစ်သက်ဆုံးပင်။ လော်ခီးလာညီလာခံ၏ ဆုံးဖြတ်ချက်များ ပေါ်ထွက်လာပြီးနောက် စစ်အစိုးရ မနှစ်သက်သည့် ဒုတိယ အခြေအနေတခုမှာ ယင်းအစည်းအဝေးဆုံးဖြတ်ချက် အပိုဒ် ၅ အရ “အန်စီစီတီ အဖွဲ့ဝင်အားလုံး ပါနိုင်မှ အန်စီအေကို လက်မှတ်ထိုးရန်” ဟူသော အချက်ပင်။ အန်စီစီတီ အဖွဲ့ဝင်အားလုံးဟူသည်မှာ ၁၆ ဖွဲ့ကို ဆိုလိုသည်။ ယင်းတွင် စစ်အစိုးရက ငြင်းပယ်ထားသည့် ကိုးကန့်၊ တအောင်းနဲ့ ရခိုင်တပ်မတော်တို့ ပါဝင်နေ၍ ဖြစ်သည်။ ကိုးကန့်ကို ၃ ရက်နဲ့ အမြစ်ပြတ်ချေမှုန်းခဲ့ပြီဟု ကြွေးကြော်ပြီး လက်ခမောင်းခတ်ခဲ့သည့် ဦးသိန်းစိန်သည် အသံတိတ်လျက်ရှိသည်။ ကိုးကန့်က ပြန်တိုက်လာသောအခါ ၃ ရက်ဝေး၍ ရက်ပေါင်း ၁၂၀ ကျော်လာခဲ့သည်အထိ အမြစ်ပြတ်ချေမှုန်းနိုင်မည့် အလားအလာကို မတွေ့ရသေး။ ၎င်းတို့ အထင်သေး၊ မလောက်လေး မလောက်စား ထားခဲ့သည့် တအောင်းနဲ့ ရခိုင်တပ်မတော်တို့ကလည်း စစ်စွယ်ကလေးများ ပြလိုက်သောအခါ စစ်အစိုးရသည် မည်သို့ ဆက်လက်ကိုင်တွယ်ရမည် မသိတော့။ ဘေးကျပ်နံကျပ် ဆိုက်လျက်ရှိသည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအား ဖြိုခွဲနိုင်ရေးအတွက် ၁၉၈၉ ခုနှစ်ကစ၍ စစ်အစိုးရအဆက်ဆက် ယနေ့တိုင် အသုံးပြုခဲ့၊ ပြုဆဲဖြစ်သည့် မဟာဗျူဟာမှာ ရှုပ်ထွေးမှုမရှိ၊ ရိုးရိုးကလေးသာ ဖြစ်သည်။ အဓိကအားဖြင့် ကေအိုင်အို၊ ကေအန်ယူနဲ့ ၀သပတို့အကြားတွင် နိုင်ငံရေးနဲ့ စစ်ရေးအရ ကစားနေခြင်းဖြစ်သည်။ ၀သပကို ထိန်းထား၊ ကေအိုင်အိုကို ချော့၊ ကေအန်ယူကို တိုက်။ ဤသည်မှာ တခုဖြစ်သည်။ ၀သပကို ဆက်ထိန်းထား၊ ကေအန်ယူကို ချော့၊ ကေအိုင်အိုကို တိုက်။ ဤသည်မှာ နောက်တခုဖြစ်သည်။ ကေအိုင်အို ကသော်လည်းကောင်း၊ ကေအန်ယူ ကသော်လည်းကောင်း၊ တပ်ပေါင်းစုကို ခိုင်ခိုင်မာမာ ဦးဆောင်ကာ တိုက်နေသမျှ ကာလပတ်လုံး စစ်အစိုးရများက ၀သပကို လက်ဖျားနဲ့ တို့ရဲခြင်းမရှိ။ ကြားထားကာ အဆင်ပြေအောင် မျက်နှာချိုသွေးပေါင်း၊ ချော့ပေါင်း နေရသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်အချို့အတွင်းက စစ်အစိုးရနဲ့ ၀သပတို့အကြား ဖြစ်ပွားခဲ့သည့် သစ်တောဆိုင်ရာ အငြင်းပွားမှုအား ဥပဒေစိုးမိုးရေးအခြေခံနဲ့ ဆန့်ကျင်ကာ ၀သပအား လိုက်လျောပေးလိုက်ရသည့် လတ်တလောသာဓကကို ကြည့်နိုင်သည်။ (၃) သို့ရာတွင် ကေအိုင်အိုနဲ့ ကေအန်ယူတို့ ခေါင်းဆောင်သည့် တပ်ပေါင်းစုကို ချေမှုန်းနိုင်ပါမူ စစ်အစိုးရက ၀သပကို တိုက်မည်မုချဖြစ်သည်။ ဗေဒင်မေးရန် မလို။ ဤသည်ကို ၀သပကိုယ်တိုင်က သတိပြုသင့်သည်။ ၎င်းတို့၏ စစ်အင်အားကို ကြောက်သဖြင့် စစ်အစိုးရက မတိုက်ရဲခြင်းမဟုတ်။ အခြားတော်လှန်ရေး အဖွဲ့အစည်းများက ခုခံ တိုက်ပွဲဝင်ပေးနေသောကြောင့်သာ ၀သပမှာ သက်သာနေခြင်းဖြစ်သည်။ သို့ဖြစ်၍ ယင်းစစ်ရေးနဲ့ နိုင်ငံရေးတန်ဖိုးကို အသိအမှတ်ပြုသင့်သည်။ ၀သပ အနေဖြင့် အဆိုပါ တော်လှန်ရေး အဖွဲ့အစည်းများအား မိမိ၏ ကျေးဇူးရှင်များအဖြစ်ပင် အဆင့်သတ်မှတ်သင့်သည်။ ယခုမူ ပြောင်းပြန် ဆက်ဆံနေပုံရှိသည်။ တခုလုံးအခြေအနေကို မတွက်။ မိမိ စစ်မတိုက်ဘဲ ရနေသည့် အခွင့်အရေးများမှာ မိမိတဖွဲ့တည်းက စစ်အင်အားကြီးမားအောင် တည်ဆောက်ထားနိုင်ခြင်းကြောင့် ဟူ၍ ထုတ်ဖော်မှုမျိုး ပြုလာသည်။ ယင်းမှာ ကျေးဇူးရှင်များအား စော်ကားသည့် အသုံးအနှုန်းများ သုံးခြင်းပင်။ မကြေညာဘဲ ကျင်းပလျက်ရှိသော စစ်တပ်တည်ဆောက်ရေး ပြိုင်ပွဲတွင် ရှေ့ဆုံးက ပြေးနိုင်သည့်အပေါ် စစ်ရေးအရ မော်ကြွားကာ ၀သပသည် ငါ့အောက်ကို လာဒူးထောက်ကြဟု မပြောရုံတမယ် ပြုမူလျက်ရှိသည်။ နိုင်ငံရေးအရ သမိုင်းတန်ဖိုး ကြီးမားသော်လည်း စစ်အင်အားနည်းပါးသော အဖွဲ့ငယ်များအား မတူမတန်သလိုလို ဆက်ဆံလျက်ရှိသည်။ ဗမာပြည်ကွန်မြူနစ်ပါတီ ဦးဆောင်ခဲ့သည့်ခေတ်က ၀တပ်များ တိုက်ခဲ့သည့်အပေါ် ရည်ညွှန်း၍ ယခုအထိ ထိုင်စားနေခြင်းကို ရပ်တန့်သင့်ပြီ။ စစ်အာဏာရှင်စနစ်ကို ၀သပကိုယ်တိုင် တကယ်တမ်း တိုက်ပွဲဝင်ပြခြင်းဖြင့် မိမိတို့သည် စစ်မှန်သည့် တော်လှန်ရေးအဖွဲ့အစည်း ဖြစ်ကြောင်း သက်သေပြသင့်ပြီ။ ပြီးခဲ့သည့် မေ ၁ ရက်မှ ၆ ရက်အတွင်းက ၀နယ် ပန်ဆန်းတွင် ကျင်းပခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ထိပ်သီးများ၏ အစည်းအဝေးတွင် ၀သပက ၀ပြည်နယ် လိုချင်ကြောင်း တင်ပြသည်ဟု သိရသည်။ ကျန် တိုင်းရင်းသားအဖွဲ့အစည်း အားလုံးနီးပါးက ရေရေရာရာ အဖြေမပေးကြ။ တဘက်ကလည်း ၀သပသည် ၀ ပြည်နယ်ရလိုရငြား ဦးသိန်းစိန် အစိုးရကို ချဉ်းကပ်ကာ စာတင်ကြောင်းလည်း ကြားရသည်။ ၀သပသည် မဟာဗျူဟာရော နည်းပရိယာယ်ပါ လွဲချော်၊ အဆင့်လည်း ကျော်လျက်ရှိပြီ။ ပြည်နယ်သစ်များ ဖွဲ့စည်းပိုင်ခွင့်ကို လိုချင်လျှင် (စစ်မတိုက်သည် ရှိစေဦး) ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်တွေ့ အတည်ပြု ကျင့်သုံးခွင့်ရစေရေး၊ နိုင်ငံရေးကြိုးပမ်းမှု ဖြစ်စဉ်များတွင် အားကြိုးမာန်တက် ပါဝင်ရန်လိုသည်။ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ဒုတိယမူကြမ်း ပုဒ်မ ၅၅ မှ ၅၇ အတွင်းတွင် ပြည်နယ်သစ်များ ဖွဲ့စည်းရေးကိစ္စ အတိအလင်း ပါရှိသောကြောင့်ပင်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် စိုးစဉ်းမျှမပါရှိ။ ယခုထွက်ပေါ်လာသည့် ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေမူကြမ်းတွင်လည်း မပါရှိ။ ယခုမူ လက်တွေ့ နိုင်ငံရေးကြိုးပမ်းမှု ဖြစ်စဉ်များတွင်လည်းကောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ စုပေါင်းဆွေးနွေးပွဲများတွင်လည်းကောင်း၊ ယူအန်အက်ဖ်စီ တပ်ပေါင်းစုတွင်လည်းကောင်း ၀သပသည် ပါဝင်ခြင်းမရှိ၊ မသိချင်ယောင်ဆောင်ကာ ချောင်တချောင်တွင် အောင်းလျက်ရှိသည်။ စစ်အစိုးရနဲ့ နားလည်မှုယူ၊ စစ်အစိုးရငြိုငြင်မှု မခံရစေရေးကိုသာ ရှေးရှုနေသည်။  စစ်လည်း မတိုက်၊ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာရေးအတွက် မည်သည့် နိုင်ငံရေးကြိုးပမ်းမှုတွင်မျှ အားကြိုးမာန်တက် ပါဝင်ခြင်းမရှိဘဲ လက်နက်နဲ့ ငွေကြေးကလေးများ ဟိုတချို့ သည်တချို့ ထောက်ပံ့ရုံမျှဖြင့် မှိန်းထိုင်ခွင့်ရလျက်ရှိသည်။ အခွင့်အရေးကိုတော့ လိုချင်၊ ပင်ပန်းဆင်းရဲတော့ မခံချင်သည့် အချောင်ဇာတ်ခင်းလျက်ရှိသည်။ ၁၉၈၉ ခုနှစ် ဧပြီလ အပစ်အခတ်ရပ်စဲချိန်မှ စတင်ရေတွက်လျှင် ၂၆ နှစ်ကျော်ခဲ့ပြီ။ ၀သပသည် ဤအချောင်ဇာတ်လမ်းကို အဆုံးသတ်သင့်ပါပြီ။ အခြားပြည်နယ်များ၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များနဲ့အတူ လက်တွဲကာ စစ်မှန်သည့် ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တရပ် ပေါ်ပေါက် အတည်ပြုကျင့်သုံးနိုင်ရေးအတွက် မားမားမတ်မတ် ပါဝင်လက်တွဲ ကြိုးပမ်းသင့်ပြီ။ လော်ခီးလာ အစည်းအဝေးတွင် အဖွဲ့ ၁၆ ဖွဲ့ ခိုင်ခိုင်မာမာ ရပ်တည် ကြိုးပမ်းနေကြသည့်အချိန်မှာ အချိန်ကောင်းဖြစ်သည်။ ၀သပ မည်သည့်ဇာတ် ဆက်ပြီးခင်းမည်ကို စောင့်ကြည့်ကြရပါမည်။ လော်ခီးလာညီလာခံ၏ ဆုံးဖြတ်ချက်များ ပေါ်ထွက်လာပြီးနောက် စစ်အစိုးရ မနှစ်သက်သည့် တတိယ အခြေအနေတခုမှာ အတည်ပြုမူကြမ်း အခန်း ၆ အရ ကြားကာလအတွင်း နှစ်ဘက်ညှိနှိုင်း ဆောင်ရွက်ရမည့် အစီအစဉ်များတွင် “မြေယာနဲ့ သဘာဝ သယံဇာတ စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များ” ကို ထည့်သွင်းလိုက်ခြင်းဖြစ်သည်။ သို့ဖြစ်၍ ဤစာချုပ်ကို လက်မှတ်ထိုးချုပ်ဆိုပြီးနောက်တွင် သက်ဆိုင်ရာ တိုင်းရင်းသားပြည်နယ်များ၌ မြေယာနဲ့ သဘာဝသယံဇာတများအား စစ်အစိုးရနဲ့ မြန်မာစစ်တပ်တို့ တဘက်တည်းဖြင့် ကြိုက်သလို စီမံခန့်ခွဲ၊ ခြယ်လှယ်သုံးစွဲခွင့် မရနိုင်တော့။ နှစ်ဘက်ညှိနှိုင်းမှု ပြုကြရပါတော့မည်။ တိုင်းရင်းသားပြည်နယ်များတွင် ဒေသခံ တိုင်းရင်းသား လူထုများနဲ့သော်လည်းကောင်း၊ ၎င်းတို့အား ခုခံကာကွယ်စစ် ဆင်နွှဲလျက်ရှိသော တော်လှန်ရေး အဖွဲ့အစည်းများနဲ့လည်းကောင်း ညှိနှိုင်းခြင်းမရှိဘဲ ကိုယ်တဦးတည်းသာ အမြတ်ထုတ် သွေးစုပ်လိုသော စစ်ခေါင်းဆောင်ဟောင်း၊ သစ်များ၏ နှလုံးသည်းပွတ်ကို တိုက်ရိုက်ထိမှန်သွားသော မြားချက် ဖြစ်ပုံရသည်။ လော်ခီးလာညီလာခံ၏ ဆုံးဖြတ်ချက်များ ပေါ်ထွက်လာပြီးနောက် စစ်အစိုးရ မနှစ်သက်သည့် စတုတ္ထ အခြေအနေတခုမှာ အတည်ပြုမူကြမ်းအပိုဒ် ၂၆ တွင် ပါရှိသည့် “ဤသဘောတူစာချုပ်အား ပြည်ထောင်စုလွှတ်တော်သို့ လုပ်ထုံးလုပ်နည်းများနဲ့အညီ တင်သွင်း၍ အတည်ပြုချက်ရရှိရေး ဆောင်ရွက်သွားရန်” ဟူသောအပိုဒ်နဲ့ ဆိုင်သည်။ ဤအပိုဒ်အရ အတည်မပြုပါက မည်သို့ ဆက်လက်ဆောင်ရွက်မည် မပါရှိ။ နှစ်ဘက် သဘောတူညီချက် ရရှိအောင် နှစ်တချို့ချီ၍ ကြိုးပမ်းထားသမျှ အလဟဿ      ဖြစ်ပါမည်။ စင်စစ်အားဖြင့်မူ စစ်အစိုးရသည် နှစ်ဘက်သဘောတူစာချုပ်ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ တည်ထောင်ထားသော ပြည်ထောင်စုလွှတ်တော်၏ လက်အတွင်းသို့ ၀ကွက်အပ်ကာ ထင်သလို ခြယ်လှယ်ရန် စီစဉ်ထားသော အခင်းအကျင်းဖြစ်သည်။ ဤသည်ကို လော်ခီးလာညီလာခံ တက်ခဲ့သော အဖွဲ့အစည်းများက သဘောပေါက်သည်။ ယင်းကို တုံ့ပြန်နိုင်ရန် လော်ခီးလာအစည်းအဝေး ဆုံးဖြတ်ချက် အပိုဒ် ၁၀ တွင် အောက်ပါအတိုင်း ဖော်ပြပါရှိသည်။ “ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း၍ အတည်ပြုချက်ရယူခြင်း” ဆိုသည်မှာ “ပြည်ထောင်စု သဘောတူစာချုပ်ကို ပြည်ထောင်စုလွှတ်တော်၌ အတည်ပြုပြဋ္ဌာန်းရာတွင် မည်သည့်အကြောင်းတရားကြောင့်မျှ ငြင်းပယ်ခြင်း၊ ကန့်ကွက်ခြင်း၊ အတည်ပြုရန် အချိန်ဆွဲခြင်း လုံးဝ မပြုလုပ်ခြင်း” ကို ဆိုလိုကြောင်း ဆုံးဖြတ်သည်။ ယင်းဆုံးဖြတ်ချက်အရ ပြည်ထောင်စုလွှတ်တော်ကို သုံး၍ ထိန်းချုပ်ခြယ်လှယ်မည့် စစ်အစိုးရ၏ မဟာအကြံတော်ကြီး ပျက်စီးခြင်းတိုင်သွားပြီဖြစ်ကြောင်း ထင်ရှားသည်။ လော်ခီးလာညီလာခံ၏ ဆုံးဖြတ်ချက်များ ပေါ်ထွက်လာပြီးနောက် စစ်အစိုးရ မနှစ်သက်သည့် ပဉ္စမအခြေအနေတခုမှာ “လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း” ဟူသော စကားစုတွင် “ပြန်လည်ပေါင်းစည်းခြင်း” ဟူသော ဝေါဟာရကို ဖြုတ်လိုက်ခြင်းပင်။ ယင်းဝေါဟာရကို ဆက်လက်ထည့်သွင်းထားပါက အဓိပ္ပာယ်မှာ ၂ မျိုး ဖြစ်နိုင်သည်။ တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များပါ တရားဝင် ပါဝင်စုဖွဲ့စေလျက် ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်အနေဖြင့် ပေါင်းစည်းသွားခြင်း၊ သို့မဟုတ် တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များက လက်နက်များကို ချအပ်ပြီးနောက် အရပ်သားများအနေဖြင့် လူ့အဖွဲ့အစည်းနဲ့ ပေါင်းစည်းသွားခြင်းတို့ ဖြစ်သည်။ တိုင်းရင်းသား တော်လှန်ရေးခေါင်းဆောင်များက ပထမတမျိုးကို ရည်ရွယ်သော်လည်း လက်တွေ့တွင် ဒုတိယတမျိုးသို့ ရောက်ရှိသွားစေရန် ဖိအားပေး ခံရခြင်းမျိုးလည်း ဖြစ်နိုင်သည်။ သို့ဖြစ်၍ အဆိုပါ မရှင်းလင်းသော ဝေါဟာရကို ဖြုတ်ခဲ့ကြပုံရှိသည်။ လော်ခီးလာညီလာခံ၏ ဆုံးဖြတ်ချက်များ ပေါ်ထွက်လာပြီးနောက် စစ်အစိုးရ မနှစ်သက်သည့် ဆဋ္ဌမ အခြေအနေတခုမှာ အဓိကကျသည့် ခြွင်းချက်ဝေါဟာရတချို့ကို ဖြုတ်လိုက်ခြင်းနဲ့ ပူးတွဲစောင့်ကြည့်ရေး ကော်မတီတွင် လွတ်လပ်သော ဒေသခံ စီအက်စ်အိုနဲ့ စီဘီအိုတို့ ပါဝင်ဆောင်ရွက်မှုပြုစေခြင်း ဖြစ်သည်။ ခြွင်းချက်ဝေါဟာရများမှာ “နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနဲ့အညီ”၊ “ဥပဒေနဲ့အညီ”၊ “နိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက်ရယူပြီး” ဟူသည်တို့ ဖြစ်သည်။ ယင်းတို့ ကင်းစင်သွားခြင်းဖြင့် စာချုပ်သည် မရေရာ မသေချာမှုအောက်တွင် ရှိမနေတော့။ တည်ဆဲ ဖောက်ပြန်သည့် ဥပဒေများ အရသော်လည်းကောင်း၊ အစိုးရ၏ စိတ်ဆန္ဒအရသော်လည်းကောင်း ထိန်းချုပ်ခံရမှုများ မရှိနိုင်တော့။ စာချုပ်သည် သန့်ရှင်းသွားမည်။ သဘာဝ ကျသွားမည်။ အဓိပ္ပာယ်ရှိသွားမည်။ လော်ခီးလာညီလာခံ၏ ဆုံးဖြတ်ချက်များ ပေါ်ထွက်လာပြီးနောက် စစ်အစိုးရ မနှစ်သက်သည့် သတ္တမနဲ့ နောက်ဆုံး အခြေအနေတခုမှာ သဘောတူစာချုပ်ကို လက်မှတ်ထိုးရာတွင် အစိုးရဘက်က ထိပ်သီးများသာမက အပြည်ပြည်ဆိုင်ရာ ခေါင်းဆောင်များနဲ့ နိုင်ငံ ၇ နိုင်ငံမှ အစိုးရကိုယ်စားလှယ်များ သက်သေအဖြစ် ပါဝင် လက်မှတ်ရေးထိုးစေခြင်း ဖြစ်သည်။ သို့ဖြစ်လျှင် အပစ်ရပ်ထားသည့် ကာလအတွင်း မည်သည့်ဘက်ကမျှ မိမိတို့ စိတ်ထင်သလို စာချုပ်ကို ချိုးဖောက်ခြင်း၊ ပျက်ပြယ်အောင်လုပ်ခြင်း (မရှိနိုင်တော့ဟု မဆိုနိုင်သော်လည်း) ၎င်းတို့အား တစုံတရာ တားဆီးကာကွယ်နိုင်သည့် အခြေအနေကို ရောက်ရှိသွားပါမည်။ စာချုပ်သည် နှိုင်းယှဉ်ချက်အရ ပိုမို ခိုင်မာသွားနိုင်သည်။ လော်ခီးလာညီလာခံရဲ့ ဆုံးဖြတ်ချက်များသည် သဘာဝကျသည်။ အကျိုးအကြောင်းရှိသည်။ အချက်အလက် ခိုင်သည်။ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များသည် စုပေါင်းကာ စစ်အစိုးရ၏ ထောင်ချောက်ကို ကွင်းရှောင်နိုင်ခဲ့ပြီဟု ဆိုနိုင်သည်။ စစ်မှန်သည့် ငြိမ်းချမ်းရေးကို ဦးတည်သည့် ရှေ့ခြေလှမ်းတလှမ်းကို လှမ်းနိုင်ခဲ့ပြီဟု သုံးသပ်နိုင်သည်။ သမိုင်းတကွေ့ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်သည့် အခြေအနေသို့ ရောက်၊ မရောက်ကိုမူ စောင့်ကြည့်ရပါဦးမည်။ လော်ခီးလာအစည်းအဝေး၏ နိုင်ငံရေးအရှိန်အဟုန်သည် စစ်အစိုးရနဲ့ မြန်မာစစ်တပ်ကို သွက်သွက်ခါသွားစေနိုင်ခဲ့ရုံသာမက ၎င်းတို့၏ အနီးအပါးတွင် ခိုမှီကာ စစ်အာဏာရှင်စနစ်ကို အလုပ်အကျွေးပြုနေသူများကိုပါ ရင်ဝကို ခြေနဲ့ကန်ခံလိုက်သလို ဖြစ်သွားစေခဲ့သည်။ ၎င်းတို့အထဲမှ ခံလိုက်ရသူတဦးကဆိုလျှင် မိမိကိုယ်တိုင်ကိုယ်ကျ လက်နက်ကိုင်တိုက်ပွဲ ၀င်ဖူးသည့် တော်လှန်ရေးဖြတ်သန်းမှု စိုးစဉ်းမျှ မရှိပါဘဲလျက် အတွေ့အကြုံ ရင့်ကျက်လှပြီဖြစ်သော တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ ခေါင်းဆောင်များကိုပါ အောက်ပါအတိုင်း စော်ကားမော်ကား စွဲချက်တင်လိုက်သေးသည်။ “တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေက မြန်မာပြည်နိုင်ငံရေးကို ယထာဘူတကျကျ နားမလည်တဲ့ ပြဿ   နာ ဖြစ်တယ်။ အထဲမှာ ဘာဖြစ်နေတယ်ဆိုတာ အပြင်က မသိဘူး။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောပြောနေတယ်။ ကျနော်တို့က သမ္မတ ဦးသိန်းစိန် နောက် လိုက်နေတယ်ဆိုတာကို လက်ခံဖို့လိုတယ်။ တပ်မတော်က အသက် ၆၀ ပြည့်ရင် ပင်စင်ယူတော့၊ ထွက်တော့။ အရင်တုန်းကလို မဟုတ်ဘဲ Professional Army ဒါမှမဟုတ်ရင် Standard Army လုပ်မယ်လို့ ကာချုပ်က ကတိပေးထားတာကို တဘက်က တိုင်းရင်းသား ခေါင်းဆောင်တွေက စဉ်းစားပေးဖို့ လိုတယ်ဗျ။” အထက်ပါ သွေးရူးသွေးတမ်း အပြစ်တင်မှုကို နားဆင်မိရင်း အော် သနားစရာ ကောင်းလှပါဘိဟု မြည်တမ်းမိသည်။ တပ်မတော်က အသက် ၆၀ ပြည့်ရင် ပင်စင်ယူရုံမျှနှင့် Professional Army ဖြစ်သွားကြောင်း ဘယ်ကမ္ဘာမှာများ ကြားမိပါလိမ့်ဟူ၍ပင်။ Professional Army ဟူသည်မှာ နိုင်ငံရေးနဲ့ လုံးဝကင်းစင်ကာ စစ်သားရိုးရိုးအနေဖြင့် အသက်မွေးဝမ်းကျောင်းအရသာ စစ်မှုထမ်းခြင်းကို ဆိုလိုကြောင်းမျှပင် နားမလည်ပါဘဲလျက် “တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေက မြန်မာပြည်နိုင်ငံရေးကို ယထာဘူတကျကျ နားမလည်တဲ့ ပြဿနာ ဖြစ်တယ်။” ဟူ၍ သူမို့လို ပြောရဲလေခြင်းဟု မှတ်ချက်ပြုမိသည်။ နေရောင်လာလျှင် နှင်းပျောက်ပါမည်။ ဥပဒေစိုးမိုးရေး အခြေခံတွင် ဒီမိုကရက်တစ် ဖက်ဒရယ်နိုင်ငံရေးမုန်တိုင်းကြီး သည်းသည်း ပြင်းထန်လာပါမူ စစ်အာဏာစနစ်ကို ကျားကန်၊ ပခုံးထမ်းပေးကာ၊ အကျိုးစီးပွား ခွဲဝေခံစားနေသူများ နိုင်ငံရေးဇာတ်ခုံအနီးတ၀ိုက်မှ လွင့်စင်ကွယ်ပျောက်သွားပါမည်။ သမိုင်းအမှန်တရားကို မည်သူမျှ ဖုံးကွယ်ထား၍ မရနိုင်ပါ။ ဦးအောင်ထူး (လူ့အခွင့်အရေးရှေ့နေ) ဥပဒေအထောက်အကူပြုကွန်ရက်တည်ထောင်သူ                                            ဇွန်လ ၂၁ ရက် ၂၀၁၅ ခုနှစ်
6 years Ago

June 8, 2015

တပြည်လုံးအပစ်ရပ်စာချုပ်မှာ တိုင်းရင်းသားအဖွဲ့ အကုန်လုံးပါရန် ဆုံးဖြတ်

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်-မူကြမ်း (အန်စီအေ) ကို တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေရဲ့ ထိပ်သီးခေါင်းဆောင်တွေ အကျေအလည် ဆွေးနွေးခဲ့ကြပြီးနောက် လက်ရှိတိုက်ပွဲဖြစ်နေတဲ့ အဖွဲ့ ၃ ဖွဲ့ ပါဝင်လက်မှတ်ရေးထိုးနိုင်မှသာ လက်မှတ်ထိုးကြဖို့ ဇွန် ၇ ရက်နေ့မှာ ယတိပြတ် ဆုံးဖြတ်ပါတယ်။ ကိုးကန့်၊ တအာင်းပလောင်နဲ့ ရခိုင်တပ်မတော်တို့ ပါဝင်လက်မှတ်ရေးထိုးခွင့် ပြုရမယ်လို့  လော်ခီးလာ တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကနေ ဆုံးဖြတ်ခဲ့တာကြောင့် အစိုးရဘက်က လက်မခံဘူးလို့ ပြောထားတဲ့ ဒီအချက်ကို နှစ်ဘက်တာဝန်ရှိသူတွေ တွေ့ဆုံညှိနှိုင်းကြရမှာ ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ အစိုးရဘက်က လောလောဆယ်ကိုင်စွဲတဲ့ မူဝါဒအရ ရှေ့တိုးဖို့ ခက်ခဲသွားတယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။ ထိပ်သီးအစည်းအဝေးမှာ ဆုံးဖြတ်အပြီး ဇွန်လ ၇ ရက်နေ့ ညနေမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တပြည်လုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) မှ  နိုင်ဟံသာက “ဒီနေ့ဆုံးဖြတ်တဲ့ထဲမှာ အပစ်ရပ်ပြီးတော့ နိုင်ငံရေးဆွေးနွေးတဲ့နေရာမှာ သတ်မှတ်ထားတဲ့ အချက်အလက်တွေနဲ့ ပြည့်စုံတဲ့အဖွဲ့တွေ၊ နောက် သူတို့ကိုယ်တိုင် အန်စီအေအပေါ်မှာ လက်ခံတဲ့အဖွဲ့တွေ အားလုံးပါဝင်ရေး တို့လက်ခံထားတယ်။ အဓိကအားဖြင့်ကတော့ ဒီ အန်စီစီတီ အဖွဲ့ဝင်တွေနဲ့ ABSDF (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး) ကတော့ ဒီမှာ အမြဲတမ်း ဆွေးနွေးညှိနှိုင်းနေတယ် ဆိုတော့ သူတို့ကတော့ အန်စီအေအပေါ်မှာ အားလုံးပြေလည်ပြီးသား ဖြစ်တယ်။ သူတို့က အားလုံးပါဝင်ရေးဆိုတဲ့ မူပေါ်မှာ ရှိနေပြီးသားဖြစ်တယ်။ အထဲက အင်အားစုတွေက အတူတကွ ပါဝင်လက်မှတ်ရေးထိုးပြီးတော့မှ အပစ်အခတ်ရပ်စဲဖို့၊ နောက် နိုင်ငံရေးဆွေးနွေးတဲ့ အခါကျရင်လည်း အတူတူသွားဖို့၊ အဲဒီလို အမြင်ရှိတယ်။ အဲဒီမှာ အားလုံး ဒီမှာ ဆုံးဖြတ်ချက်ချတယ်။ ရှင်းလင်းဖို့ဆိုတဲ့ အပိုင်းမှာတော့ တကယ်လို့ အစိုးရဘက်က စုစုစည်းစည်းရှိနေတဲ့ ဒီအင်အားစုထဲက တချို့အဖွဲ့ကို နောက်ချန်ထားမယ်ဆိုတဲ့ ဟာကိုတော့ ဒီမှာ ဆုံးဖြတ်ကြတယ်လေ။ ဒါကိုတော့ ကျနော်တို့ လက်မခံဘူး။ အားလုံးအတူတကွ ပါဝင်လက်မှတ်ထိုးနိုင်ဖို့ ဆိုတဲ့အပေါ်မှာပဲ ရပ်တည်တယ်” လို့ ပြောပါတယ်။ ဒီထိပ်သီးဆွေးနွေးပွဲ မစတင်ခင် ရက်ပိုင်းတုန်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို လာရောက်တဲ့   ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်းက အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားတဲ့အဖွဲ့ ၁၆ ဖွဲ့ကို အစိုးရဘက်က တပြည်လုံး အပစ်ရပ်စာချုပ် လက်မှတ်ထိုးတဲ့အခါ အသိအမှတ်ပြု လက်မှတ်ထိုးမှာဖြစ်တယ်လို့ ထပ်မံ အတည်ပြုခဲ့ပြီး ဒီသုံးဖွဲ့ကို လက်မှတ်ရေးထိုးရာမှာ အသိအမှတ်ပြုစာရင်းထဲ မထည့်ထားကြောင်း ဖြေဆိုခဲ့ပါတယ်။ ၁၆ ဖွဲ့ထဲမှာ ကချင်လွတ်လပ်ရေးအဖွဲ့ကို အသိအမှတ်ပြုတယ်လို့ ပြောခဲ့ပါတယ်။ ထိပ်သီးဆွေးနွေးပွဲ ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (Myanmar Peace Center) မှ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆွေးနွေးမှု အကောင်အထည်ဖော်ရေးဌာနရဲ့ ဌာနမှူး ဒေါက်တာ မင်းဇော်ဦးကို ဒီအကျပ်အတည်းကို ဘယ်လိုကျော်လွှားနိုင်မလဲလို့ မေးမြန်းတဲ့အခါ လက်ရှိအစိုးရ မူဝါဒအရဆိုရင် ရှေ့ဆက်သွားဖို့ ခက်တယ်လို့ ပြောပါတယ်။ သူက “လောလောဆယ် ကျနော်တို့ သိတာကတော့ အရင်အစိုးရ ပြောထားတဲ့ဟာ ရှိတယ်လေ။ ဒီ ၁၆ ဖွဲ့နဲ့ပဲ အပစ်အခတ်ရပ်စဲရေး ထိုးမယ်ပေါ့။ အစိုးရဘက်က ရှင်းပြတဲ့ ဟာကတော့ ဒီ အရင်တုန်းက လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေ ဒီအဖွဲ့အစည်းတွေနဲ့ အပစ်ရပ်ရတယ်ဆိုတဲ့ဟာက သဘာဝကျတယ်။ အဖွဲ့သစ်တွေဆိုရင်တော့ ဒါမျိုးကို သူတို့အနေနဲ့ မလုပ်နိုင်ဘူး။ နောက်တခုက အထူးသဖြင့် အခုလောလောဆယ် အချက်ထဲက ဒီ ကိုးကန့်ကိစ္စပေါ့နော်။ ကိုးကန့်အဖွဲ့တွေပေါ့။ ကိုးကန့်အဖွဲ့တွေက ၂၀၁၂ လောက်မှ အင်အားတွေ အများကြီးချဲ့လာတယ်။ လက်နက်တွေ အများကြီး စုပြီးတော့ ဒီလိုဖြစ်လာတယ်။ လက်နက်နဲ့ ဖိအားပေးတယ်ဆိုတဲ့ ပုံစံမျိုးလည်း ဖြစ်တယ်ဆိုတဲ့ ဟာမျိုးလည်း စဉ်းစားကောင်း စဉ်းစားမယ်ပေါ့နော်။ ဒါပေမယ့် ကျနော်တို့သိတဲ့ ပေါ်လစီကတော့ ၁၆ ဖွဲ့ပေါ်လစီအတိုင်းပဲ ရှိသေးတယ်။ အဲဒီတော့ ကိုးကန့်တို့ ဘာတို့ ပါရမယ် ဆိုလို့ရှိရင်တော့ ကျနော့်အမြင်ကတော့ ရှေ့ဆက်သွားဖို့ ခက်သွားပြီ။” လို့ ပြောပါတယ်။ ဇွန်လ ၂ ရက်နေ့ကနေစတင်တဲ့ ထိပ်သီးခေါင်းဆောင် အစည်းအဝေးမှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (မူကြမ်း) ကို အကြေအလည် ဆွေးနွေးခဲ့ကြပြီး ပြင်ဆင်စရာ၊ စကားလုံးဖြည့်စွက်စရာ စသဖြင့် အချက် ၁၅ ချက်ကို ပြင်ဆင်ဖြည့်စွက်ဖို့ သဘောတူညီခဲ့ကြပါတယ်။ အစိုးရဘက်ကတော့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် (မူကြမ်း) ကို ပြင်ဆင်စရာမရှိဘူးလို့ ပြောကြားထားပါတယ်။
6 years Ago
Up